ညောင်လေးပင်ခရိုင်အတွင်း ရေဘေးအန္တရာယ်ကြောင့် အခက်အခဲများကြုံတွေ့နေရပြီး အကူအညီများ လိုအပ်နေ

ညောင်လေးပင်ခရိုင်အတွင်း ရေဘေးအန္တရာယ်ကြောင့် အခက်အခဲများကြုံတွေ့နေရပြီး အကူအညီများ လိုအပ်နေ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ရေဘေးအန္တရာယ်ကြောင့် အခက်အခဲများကြုံတွေ့နေရပြီး အကူအညီများ လိုအပ်နေကြောင်း ခလယ်လွီထူခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောဆိုသည်။

ခလယ်လွီထူ(ညောင်လေးပင်ခရိုင်) အတွင်းတွင် နေထိုင်ကြသည့် ပြည်သူများသည် အများအားဖြင့် လယ်လုပ်ကိုင်သူများဖြစ်ပြီး စာရင်းများအရ မြေပိုင်သည့် ပြည်သူသည် ရှစ်ထောင်ကျော်ရှိပြီး ရှစ်ထောင်ကျော်အတွင်း၌ လယ်ဧကပေါင်း (၆၁,၇၀၀) ဧကရှိကြောင်း သိရသည်။

ရေဘေးအန္တရာယ်ကြုံတွေ့စဉ်၌ ညောင်လေးပင်ခရိုင်အတွင်း လယ်အများစု ရေနစ်မြုပ်ခဲ့ပြီး ၊ စာရင်းများအရ ဧကပေါင်း (၆၁,၇၀၀)ဧက ရေနစ်မြှုပ်ခဲ့ကာ စပါးသေသည့် လယ်ဧကပေါင်း (၄၆,၇၀၀)ဧကရှိ၍ လူပေါင်းရှစ်ထောင်ကျော် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“တချို့နေရာတွေက စာရင်းကောက်လို့မကုန်သေးဘူး ၊ ဒါတောင် ဒီလောက်စပါးတွေ သေကုန်ပြီ။ ဘယ်လောက်ဆက်ဖြစ်မလဲဆိုတာက တွေးစရာ ဖြစ်လာတယ်။ တဝက်ကျော်က သေကုန်ပြီ။ ကွင်းဆင်းပြီးကြည့်တဲ့အခါမှာ အချို့အပင်က ပုပ်ဆွေးကုန်ပြီ သုံးလို့ မရတော့ဘူး။” ဟု ခလယ်လွီထူခရိုင်၊ လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ လူဦးရေ (၂၂၆,၈၅၂) ဦးသည် လယ်လုပ်ငန်းအား မှီခိုနေရသူများဖြစ်ပြီး ၊ ယခုအတိုင်းဆိုပါက လာမည့်နှစ်များတွင် အငတ်ဘေးဒုက္ခနှင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

“ပုံမှန်ဆို ပြည်သူတွေက စပါးစေ့အပိုကို ထားလေ့ရှိတယ်။ သို့သော်လည်း ဒီနှစ်မှာ မိုးလေဝသမမှန်ကန်သောကြောင့် နှစ်ကြိမ်၊ သုံးကြိမ် ကြဲရတဲ့အတွက် စပါးစေ့က ကုန်သွားတာတွေ ဖြစ်ကုန်တယ်။ ဒါကြောင့် သူတို့တွေက စပါးစေ့ထောက်ပံ့ပေးမည့်သူတွေ လိုအပ်နေပြီးတော့ ထွန်ယက်ဖို့အတွက် အင်အားမရှိဘူး။ လယ်ထွန်စက်ဆီ နဲ့ စပါးစေ့တွေ လိုအပ်ချက်ရှိတယ်။” ဟု ပဒိုစောဟဲဂေက ပြောသည်။

ခလယ်လွီထူခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာနအနေဖြင့် စာရင်းကောက်ယူ၍ ဗဟိုသို့ပေးပို့ခဲ့ပြီး အထက်လူကြီးများအနေဖြင့် စာရင်းများကိုကြည့်ရှုကာ တစုံတရာ စီစဉ်ပေးရန်မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

လယ်လုပ်ကိုင်သူများအား ကူညီချင်သူများအနေဖြင့် ကော်သူးလေလယ်ယာစိုက်ပျိုးရေးဌာနနှင့် ပူးပေါင်းပြီး မြေပြင်ရှိ မြေယာကော်မတီ ၊ လယ်သမားအသင်းအဖွဲ့များနှင့် ထိရောက်စွာဆောင်ရွက်နိုင်ကာ ၊ NGO/INGO ဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံးပူးပေါင်းလုပ်ဆောင်မည်ဆိုပါက ပြည်သူများ၏ ဒုက္ခကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ခလယ်လွီထူခရိုင်၊ လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူးက ပြောဆိုခဲ့သည်။

#TachileikNewsAgency