အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာကို စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်၍ လူနေအိမ်များ ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်က ကွမ်းတောင်ရွာကို ပေါင်(၅၀၀)ဗုံးတစ်လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး လူနေအိမ်များ ပျက်စီးသွားသည်ဟု ဆိုသည်။
“လူထိခိုက်မှုတော့မရှိဘူးပြောတယ်။ နေအိမ်တွေတော့ ပျက်သွားတယ်။ မနက်ပိုင်း (၁၁)နာရီလောက်ကလည်း စစ်တွေက ခလရ (၂၃၂) တပ်ရင်းကနေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်သေးတယ်။ ဦးရာဇ်တော်စေတီတောင်ခြေရင်းကို (၄) လုံးကျတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယမန်နေ့ကလည်း စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ် စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံကို အသေခံဒရုန်း အသုံးပြုတိုက်ခိုက်သွားသည်။
ထို့အပြင် မတ်လ (၇)ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ကြတ္တိန်အောက်ရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် (၃၅)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီတပ်သည် မတ်လ(၆)ရက်နေ့တွင်လည်း စစ်တွေမြို့နယ်မှ ဝါဘိုရွာနှင့် ကျောက်ဖြူမြို့နယ်မှ ဦးကင်းရွာတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာများရှိ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း (၁၇)မြို့နယ်အနက် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်တို့ကိုသာ သိမ်းပိုက်ရန်ကျန်ရှိတော့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:APM