ပြည်သူလူထုများနေထိုင်သည့် စစ်မဲ့ဇုန်များတွင် လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်ရန် KNLP သတိပေး

ပြည်သူလူထုများနေထိုင်သည့် စစ်မဲ့ဇုန်များတွင် လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်ရန် KNLP သတိပေး
ဧပြီ 11, 2025 | အခြားဒေသများ

စစ်ကောင်စီအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်း မရှိသည့် ပြည်သူလူထုများနေထိုင်သည့် စစ်မဲ့ဇုန်များကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ် အလုံးစုံကို ကယန်းပြည်သစ်ပါတီ(KNLP)မှ တာဝန်ခံမည်မဟုတ်ဟု ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီလေတပ်က ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းရှိ သိကျိတ်ကျေးရွာကို ဧပြီလ (၁၀)ရက်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်သည့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာသည် ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ဒေသဖြစ်ပြီး စစ်ကောင်စီဘက်က ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲစဉ်က သဘောတူညီချက်များကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားသည့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကိုလည်း ကိုယ်တိုင်ချိုးဖောက်သည့်အတွက် ကယန်းပြည်သစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။

စစ်ရေးဆောင်ရွက်မှုမရှိသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်မဲ့ဇုန်ဖြစ်သည့် ကယန်းအမျိုးသားပြည်သူလူထုများနေထိုင်ရာ ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကယန်းအမျိုးသား စာပေယဉ်ကျေးမှု ဝိသေသလက္ခဏာ အမျိုးသားဆိုင်ရာများ ဖော်ထုတ်လှုပ်ရှားမှုများကို စစ်ကောင်စီဘက်က ထပ်မံ ကျူးလွန်ပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်အလုံးစုံကို ကယန်းပြည်သစ်ပါတီမှ တာဝန်ခံမည်မဟုတ်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

သိကျိတ်ကျေးရွာတွင် ဧပြီလ (၁၀)ရက်နေ့က ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနား အပြီး  ည(၁၁)နာရီ (၄၅)မိနစ်တွင် စစ်ကောင်စီလေတပ်က အဆိုပါ ရွာကို ပေါင်(၂၀၀)ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပွဲပြီးမှ ဖြစ်တာ။ အဓိက ချိန်ရွယ်ချင်တာက သိကျိတ်ကိုပါ။ အရပ်သားပြည်သူ နေအိမ်တစ်လုံးတော့ ပျက်စီးသွားတယ်။ အိမ်ရှင်က ဘေးသီသီလေးလွတ်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာရှိ နေအိမ်ပျက်စီးပြီး ဒေသခံနှစ်ဦးလည်း ဒဏ်ရာရကာ စိုးရိမ်နေကြသည်ဟု ဆိုသည်။

၁၉၉၄ ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့တွင် KNLP သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကာ ကယားပြည်နယ် အထူးဒေသ(၃)ကို ထိန်းချုပ် အုပ်ချုပ်ခွင့်ရရှိခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် KNLP သည် စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကာ ပြည်သူ့စစ်အသွင် ဖြစ်လာခဲ့သည်။ 

၂၀၀၉ ခုနှစ်တွင် KNLP အား စစ်တပ်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေးခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် KNLP သည် ပြည်သူ့စစ်အဖွဲ့သို့ ကူးပြောင်းကြောင်း စစ်အစိုးရဘက်က ကြေညာသော်လည်း KNLP ဘက်က ငြင်းဆိုခဲ့သည်။ 

စစ်ကောင်လေတပ်သည် ပြီးခဲ့သည့်နှစ်ကလည်း ကယန်းပြည်သစ်ပါတီ၏ လုံခြုံရေးဂိတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency