သံတွဲမြို့ကို AA သိမ်းပြီဟု သတင်းထွက်ပြီး စစ်ကောင်စီမြို့တွင်းသို့ လက်နက်ကြီးနှင့်ပစ်ရာ ဒေသခံတစ်ဦးသေဆုံး

သံတွဲမြို့ကို AA သိမ်းပြီဟု သတင်းထွက်ပြီး စစ်ကောင်စီမြို့တွင်းသို့ လက်နက်ကြီးနှင့်ပစ်ရာ ဒေသခံတစ်ဦးသေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် မြို့တွင်းသို့ကျကာ ဒေသခံတစ်ဦး သေဆုံးသည်ဟု သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မြို့တွင်းရှိ အနော်ရထာလမ်းကိုကျကာ ဒေသခံ ဂျိမ်းကိုကို ဆိုသူသေဆုံးသည်ဟု သိရသည်။

"ဂျမ်းကိုကိုလည်း လက်နက်ကြီးထိလို့ သေသွားတယ်။ နေအိမ်လည်းပျက်တယ်။ ရေတပ်ကနေ လက်နက်ကြီးနဲ့ပစ်တာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့ ညနေပိုင်းတွင် AA သည် မြို့တွင်းသို့ဝင်နိုင်သည့် ဗိုလ်ချုပ်လမ်းနှင့် သံတွဲ-ကင်းမော်ကားလမ်းပေါ်ရှိ ရွှေကျောင်းပြင်ရွာနှင့် ဆက်သွယ်ထားသော နန်းချောင်းတံတားကို စစ်ကောင်စီတပ်က တံတားဖျက်ဆီးရန် ယမန်နေ့တွင် မိုင်းထောင်သည်ဟု ထုတ်ပြန်ထားသည်။

သံတွဲတွင် စစ်ကောင်စီသည် ခံစစ်အဖြစ်ပြင်ဆင်နေကာ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကိုတွေ့ရသည်ဟု AA ကဆိုထားသည်။

"နန်းချောင်းတံတားကျော်တာနဲ့ မြို့တွင်းဝင်ပြီဆိုတော့ သံတွဲမြို့ကို AAက သိမ်းပြီလို့ သတင်းထွက်နေကြတာ။ မြို့တွင်းမှာက ‌ပိတ်မိနေတဲ့ ဒေသခံအနည်းလောက်ပဲရှိတော့တာ။ ဒီလိုပဲ မှန်းဆပြောနေကြ‌တာပေါ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့တွင်း၌ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်၊ တရားရုံးနှင့် စည်ပင်ရုံးတို့ရှိပြီး အဆိုပါ နန်းချောင်းတံတားမှ (၁၅)မိနစ်ကျော် ခြေလျှင်လမ်းလျောက်ပါက ၎င်းရုံးများထံသို့ ရောက်သည်ဟု ဒေသခံများကဆိုသည်။

"သံတွဲမြို့ပေါ်နေကြသူတွေကို သတိရှိကြဖို့ အမြန်ဆုံးထွက်ခွာကြဖို့ သတိပေးထားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့အား AA သိမ်းသည့်သတင်းအား Tachileik News Agencyက သီးခြားအတည်မပြုနိုင်ပါ။

ဇူလိုင်လ(၁၁)ရက်နေ့ကလည်း သံတွဲမြို့အနီးရှိ ရွှေကျောင်းပြင်ရွာကို စစ်ကောင်စီက ထပ်မံဗုံးကြဲပြီး နံတော်တောင်ဘုရားကိုလည်း ယမန်နေ့က ဗုံးကြဲသည်ဟု သိရသည်။

ယင်းနေ့ညပိုင်းတွင် သံတွဲ-ဂွအထွက်လမ်းဘက်ရှိ သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများကို ပြန်လွှတ်ပေးသည်ဟု သိရသည်။

AA သည် သံတွဲမြို့နှင့် (၄)ခန့်ဝေးသည့် ငပလီကမ်းခြေရှိ စစ်ကောင်စီ၏ ခမရ(၅၆၆)၊ ခလရ(၅၅)တပ်တို့ကို သိမ်းပိုက်ထားပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များအား ဆက်လက်တိုက်ခိုက်မည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ သံတွဲမြို့နယ်တွင် ထွက်ပြေးစစ်ကောင်စီတပ်သားများနှင့် မောင်ရွှေလေးရေတပ်တို့သာ ကျန်တော့သည်။

#TachileikNewsAgency