ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-ကျောက်မဲကြားနှင့် နောင်ချို-ပြင်ဦးလွင်ကြားတို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဟိုင်ဂင်သဘောတူညီချက်ကျိုးပျက်ကာ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်နှင့် TNLA တို့သည် ကျောက်မဲ-နောင်ချိုကြားတွင် ပစ်ခတ်မှုဖြစ်ပွားနေပြီး နောင်ချို-ပြင်ဦးလွင်ကြား ဘန့်ဘွေး-ဆမ္မဆယ်-ကျောက်ကြမ်းတို့တွင်လည်း ပစ်ခတ်မှုများဖြစ်ပွားနေကာ ပြည်ထောင်စုလမ်းမကြီးလည်း သွားလာမရဖြစ်နေသည်ဟု သိရသည်။
“လားရှိုး-သီပေါကြား ဆွတ်လန်းရွာ တံတားဖြူ ဖျက်ဆီးခံရတယ်။ ကျောက်မဲ-သီပေါကြား ကျင်သီတံတားလည်း ပိတ်ထားရပြီလို့သိထားရပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
တချို့ကမူ TNLA က ကျောက်မဲမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်ဟုပြောဆိုကြသဖြင့် ကျောက်မဲမြို့အတွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများပိတ်သိမ်းကာ ဝန်ထမ်းနှင့် ဒေသခံများ တိမ်းရှောင်နေကြရသည်။
“ကျောက်မဲ စခန်းသာတောင်ဘက်နဲ့ ငြိမ်းချမ်းရေးကုန်းတွေမှာ တိုက်ပွဲဖြစ်နေတာ။ အဲဒီဘက်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာရှိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
TNLA ဘက်ကမူ လက်ရှိဖြစ်စဉ်နှင့် ပတ်သက်၍ တိုက်ပွဲဖြစ်နေသည်ဟုသာ ပြောဆိုနိုင်သေးပြီး မကြာမီတွင် အပြည့်အစုံ သတင်းထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
ယမန်နေ့ ဇွန်လ(၂၄)ရက်နေ့ နံနက် (၁)နာရီကျော်တွင် ကျောက်မဲမြို့နယ် ကျောက်မဲလေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဟိုခိုကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီး(၄)လုံးပစ်ခတ်ခဲ့ပြီး နောင်ချိုမြိုနယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယင်းနေ့ နံနက် (၉)နာရီခွဲကျော်တွင် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်သည် ယမန်နေ့ညနေ (၃)နာရီဝန်းကျင်တွင် စလောင်တောင်အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁)ကြိမ် ပစ်ခတ်ခဲ့ပြီး ဇွန်လ(၂၃)ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး(၄)လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ဇွန်လ (၉)ရက်နေ့မှ ဇွန်လ(၂၄)ရက်နေ့အထိ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် TNLA တပ်ဖွဲ့ဝင် (၃)ဦးကျဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဘုန်းတော်ကြီးကျောင်းဆောင်များနှင့် အရပ်သားပြည်သူနေအိမ်များ (၅)လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရပြီး ဒေသခံ(၄)ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရကာ အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။
တရုတ်နိုင်ငံက ကမကထလုပ်မှုဖြင့် လက်မှတ်ရေးထိုးထားသည့် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီတပ်ဘက်က ယခုထက်ပိုချိုးဖောက်လာ၍ တအာင်းပြည်သူလူထု ထိခိုက်နစ်နာမှုပိုကြီးလာပါက ခုခံကာကွယ်သွားမည်ဟုလည်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကပြောသည့် ရုပ်သံ ယမန်နေ့ ညပိုင်းတွင် TNLA က ထုတ်ပြန်ခဲ့သည်။
#TachileikNewsAgency
Photo: ကျောက်မဲမြို့မြင်ကွင်း (CJ)