အမျိုးသားညီညွတ်ရေးအစိုးရထံသို့ နှစ်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး နှင့် ရဲအုပ်များ အပါအဝင် အခြားအဆင့်တပ်သား ၅၅ ဦးအလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရထံသို့ နှစ်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး နှင့် ရဲအုပ်များ အပါအဝင် အခြားအဆင့်တပ်သား ၅၅ ဦးအလင်းဝင်
နိုဝင်ဘာ 11, 2024 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရထံသို့ ၂၀၂၄ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ (၂)လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၂) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၉)ဦး အလင်းဝင်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ နှင့် ပကဖများ သို့ ဆက်သွယ်ကာ (၂)လအတွင်း အရာရှိအဆင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၂)ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၉)ဦး စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၄၉)ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်းရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၇)လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople၊ နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Ministry of Defence - National Unity Government of Myanmar