မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်

မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း Black Eagle Defence Force-MMU မှ ၂၀၂၄ခုနှစ် သြဂုတ်လ ( ၂ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ထွက်လာသည့် ကြေးနီသယ်ယာဉ်တန်းအား ဇူလိုင်လ (၂၃)ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် မြင်းမူမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ဂွေးပင်တော နှင့် ဘိုးမင်းကြီးကင်းအကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်း (၆) လုံးဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ကြေးနီသယ်ယာဉ်တန်း၏ (၄)စီးမြောက်ကားနှင့် (၅)စီးမြောက်ကားအား ထိမှန်ခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

ထို့အပြင် ဇူလိုင်လ (၂၇)ရက်နေ့ နံနက် (၈) နာရီခန့်တွင် မြောင်လမ်းခွဲ စစ်ကောင်စီစခန်းမှ ကင်းပုန်းဝပ်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်း (၆)လုံးဖြင့် နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

သြဂုတ်လ (၁) ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင်လည်း မြင်းမူ အထက (၁)အတွင်းမှ ထွက်လာသည့် မိုးကာအစိမ်းအုပ် (၆)ဘီးကားအား မြင်းမူမြို့နယ် ဂွေးပင်တောနှင့်ဘိုးမင်းကြီးကင်းအကြားတွင် တော်လှန်ရေးအင်အားစုများမှ ပဒေသာမိုင်း (၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကားအား ထိမှန်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ Black Eagle Defence Force-MMU နှင့် Chaung U People's Defence Force-CHU PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency