အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် ကာလအတွင်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် နေအိမ် (၄၃)လုံးကို မီးရှို့ဖျက်ဆီးခံရ

အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် ကာလအတွင်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် နေအိမ် (၄၃)လုံးကို မီးရှို့ဖျက်ဆီးခံရ
ဇန်နဝါရီ 16, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်တပ်စွဲခဲ့သည့်ကာလအတွင်း နေအိမ် (၄၃) လုံးကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က နတ်ချောင်းကျေးရွာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဝင်လာပြီး စာသင်ကျောင်းတွင် တပ်စွဲကာ ပြည်သူအချို့အား ဖမ်းဆီးခြင်း၊ နေအိမ်များအား မွှေနှောက်ရှာဖွေ၍ ပစ္စည်းများအား ယူဆောင်ခြင်းများ ပြုလုပ်ပြီး မီးရှို့ထားခဲ့ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PDF(Kalay)၊ ကလေးမြို့ ပ.က.ဖ ၊ CNDF နှင့် KKG ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ  အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၂)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၀)ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့တွင်လည်း ရွာတွင်း တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က လူနေအိမ်များကို မီးထပ်ရှို့ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလအထိ အဆိုပါကျေးရွာတွင်းနှင့် အနီးဝန်းကျင်တွင်ရှိနေ၍ ဒီဇင်ဘာလက လေကြောင်းမှ တိုက်ခိုက်ခံရပြီးကတည်းက တိမ်းရှောင်နေရသည့် ဒေသခံများမှာ ကျေးရွာတွင်း ပြန်မဝင်ရဲကြသေးဘဲ အခြေအနေ စောင့်ကြည့်နေကြရဆဲဖြစ်ကြောင်း သိရသည်။

ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာ အကူအညီများလိုအပ်နေကြဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency