အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပိတ်ဆို့ဖမ်းဆီးရာ စစ်သား ၁၁ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပိတ်ဆို့ဖမ်းဆီးရာ စစ်သား ၁၁ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပိတ်ဆို့ဖမ်းဆီးရာ စစ်သား (၁၁)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုမှ ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် ထုတ်ပြန်သည်။

အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်သားများအား ပိတ်ဆို့ဖမ်းဆီးရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့နှင့် ဇန်နဝါရီလ (၄)ရက်နေ့  (၂)ရက်တာအတွင်း စစ်ကောင်စီတပ်သား (၁၁)ဦးအား လက်နက်ငယ် (၉)လက် ၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“ရခိုင်ရိုးမပေါ် ငဖဲမြို့နယ် ဂုတ်စည်းရိုး ကျေးရွာအနီးမှာ ဖမ်းမိတာပါ။ အပြန်အလှန် ပစ်ခတ်မှု မဖြစ်ပါဘူး။ အသာတကြည်ပဲ လက်နက်ချကြပါတယ်။ လက်ရှိတော့ လုံခြုံတဲ့ စခန်းနေရာတွေကို ပို့ဆောင်ပြီး စစ်ဆေးမေးမြန်းဆဲပါဗျ။”ဟု ချင်းကာကွယ်ရေးတပ်-အရှိုမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဆလိုင်းရိုချင်းက Tachileik News Agency ကို ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အား အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်ကြား ရခိုင်ရိုးမတလျှောက် ကစဉ့်ကလျား ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေ ပိတ်ဆို့ဖမ်းဆီးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ကလည်း ငဖဲမြို့နယ် ကပစ (၁၄)မှ ထွက်လာသည့် အင်အား (၅၀)ဦးခန့်ပါရှိသည့် စစ်ကား (၂) စီးအား ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် ချင်းကာကွယ်ရေးတပ်-အရှိုနှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ကားတစီးပျက်စီး၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:Chin Defence Force - Asho