မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတချို့၏ စားနပ်ရိက္ခာသယ်ယူရေးနှင့် စစ်ဘေးရှောင် ပြောင်းရွှေ့ရေးကိစ္စများကို ပိတ်ပင်ခြင်းမပြုရန် CNF/CNA အား မတူပီတပ်မဟာ (၁) အသိပေး 

မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတချို့၏ စားနပ်ရိက္ခာသယ်ယူရေးနှင့် စစ်ဘေးရှောင် ပြောင်းရွှေ့ရေးကိစ္စများကို ပိတ်ပင်ခြင်းမပြုရန် CNF/CNA အား မတူပီတပ်မဟာ (၁) အသိပေး 

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတချို့တွင် လိုအပ်သော စားနပ်ရိက္ခာသယ်ယူရေးနှင့် စစ်ဘေးရှောင် ပြောင်းရွှေ့ရေးကိစ္စများကို ပိတ်ပင်ခြင်းမပြုရန် CNF/CNA အား အသိပေးကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၁) မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့မှ စတင်ပြီး စစ်ဘေးရှောင်များ စခန်းတချို့၏ လိုအပ်သောစားနပ်ရိက္ခာသယ်ယူရေး၊ စစ်ဘေးရှောင်ပြောင်းရွှေ့ရေး ကိစ္စရပ်များကို CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့အချိန်အထိ ကန့်သတ်ပိတ်ပင်ထားခဲ့ကြောင်း မတူပီ တပ်မဟာ (၁)မှ ဆိုသည်။

မတူပီအရပ်ဘက် ကျန်းမာရေးဝန်ထမ်း (၂) ဦးအား အရပ်သားလူနာပို့ဆောင်စဉ် ဇူလိုင်လ (၁၂) ရက်နေ့တွင် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မတူပီ တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ၏ ဆွေမျိုးတော်စပ်သည်ဟုဆိုကာ (၂)ရက်ကြာ ထိန်းသိမ်းထားခဲ့ကြောင်း မတူပီ တပ်မဟာ (၁) မှ ဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် စစ်ကောင်စီနှင့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ရဲဘော်အပါအဝင် ဆေးခွင့်ယူထားသည့် လက်နက်မဲ့ တပ်မဟာ (၁) တပ်ဖွဲ့ဝင် (၄)ဦး မိဘအိမ်သို့ အလည်အပတ်သွားစဉ် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဆေးဝန်ထမ်းများ၊ အရပ်သားများနှင့် ဆေးခွင့်ယူထားသည့် တပ်ဖွဲ့ဝင်များအား တားဆီးခြင်း ၊ ဖမ်းဆီးခြင်း ၊ ချိန်းခြောက်မေးမြန်းခြင်းများ ပြုလုပ်ခြင်းများသည် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးကို များစွာနှောင့်နှေးကြန့်ကြာစေသည့်အတွက် ဆက်လက်လုပ်ဆောင်ခြင်းမပြုရန်နှင့် ဖမ်းဆီးထားသည့်တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းညီနောင်အဖွဲ့ဝင် မတူပီ တပ်မဟာ (၁)မှ အသိပေးထားသည်။

ချင်းညီနောင် တပ်ဖွဲ့ဝင်ဖြစ်သည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၁)သည် မဟာမိတ်များနှင့်အတူ ဇွန်လ (၂၉)ရက်နေ့တွင် မတူပီမြို့အား အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် မတူပီမြို့ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency