သံတွဲမြို့ရှိ သမိုင်းဝင် နံတော်တောင်ဘုရားကို စစ်ကောင်စီဗုံးကြဲဖျက်ဆီး

သံတွဲမြို့ရှိ သမိုင်းဝင် နံတော်တောင်ဘုရားကို စစ်ကောင်စီဗုံးကြဲဖျက်ဆီး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ သမိုင်းဝင်အထင်ကရ ဘုရားတောင်ဖြစ်သည့် နံတော်တောင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးကြဲဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့ပတ်လည်တွင် သမိုင်းဝင်ဘုရားများဖြစ်သည့် ဆံတော်၊ အံတော်၊ နံတော်ဘုရား(၃)ဆူရှိပြီး ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ရွှေကျောင်းပြင်ရွာအစ၊ သံတွဲမြို့အထွက်ရှိ နံတော်တောင်ကို ပေါင်(၅၀၀)ဗုံးကြဲဖျက်ဆီးကြောင်း သိရသည်။

“အပျက်အစီးတော့ မသိရသေးဘူး။ ကျွန်တော်တို့ရဲ့ သမိုင်းဝင်နေရာတွေကို ဖျက်ဆီးနေတာကိုတော့ ကမ္ဘာမကြေဘူး။ ပေါင်(၅၀၀)တစ်လုံးကြဲတာ။ အိမ်တွေပါတုန်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရား၊ စေတီများ ပျက်စီးခြင်းရှိ၊ မရှိနှင့် အခြေအနေအသေးစိတ်ကို မသိရသေးဟုလည်း ဒေသခံများက ဆိုသည်။ 

“တောင်‌ပေါ်ကိုကြဲတာ။ ဘုရားတွေထိခိုက်လား မသိရသေးဘူး။ ဘုရားတွေကလည်း ကြာပြီဆိုတော့ ဗုံးဒဏ်ခံနိုင်ပါ့မလားဘဲ။ နံတော်တောင်မှာလည်း ရွှေကျောင်းပြင်ရွာက စစ်ရှောင်တွေက ရှိနေသေးတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် သံတွဲမြို့နယ်အတွင်းရှိ တပ်ရင်းနှစ်ခုကို လက်လွတ်ထားရသဖြင့် မြို့တွင်း အံတော်ရပ်ကွက်နှင့် မြို့ပြင်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများ ထိခိုက်သေဆုံးရပြီး နေအိမ်များ ပျက်စီးခဲ့ရသည်။

#TachileikNewsAgency