ဖလမ်းမြို့ကို ချင်းညီနောင်များ ထိန်းချုပ်လိုက်သည့် သတင်း မဟုတ်ဟုဆို

ဖလမ်းမြို့ကို ချင်းညီနောင်များ ထိန်းချုပ်လိုက်သည့် သတင်း မဟုတ်ဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့နှင့်အတူ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် ဖလမ်းမြို့ကိုလည်း ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် ထိန်းချုပ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေရာ သက်ဆိုင်ရာ တာဝန်ရှိသူက မဟုတ်ကြောင်း Tachileik News Agency ကို အတည်ပြုသည်။ 

မင်းတပ်မြို့နှင့်အတူ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ဖလမ်းမြို့၌ ခလရ(၂၆၈)တပ်စခန်းတစ်ခုတည်းသာ ကျန်ရှိတော့သဖြင့် ချင်းညီနောင်တပ်များက ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ 

“မဟုတ်သေးပါဘူး Fake News ပါ။ ရရင်တော့ တရားဝင်ကြေညာမှာပါ။"ဟု Chin Brotherhood မှ ဖလမ်းစစ်ရေးတာဝန်ရှိသူ

က Tachileik News Agency ကိုပြောသည်။ 

လူမှုကွန်ရက်ပေါ်တွင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖလမ်းမြို့ကိုထိန်းချုပ်ပြီဖြစ်ကြောင်း ရေးသားဖော်ပြနေကြခြင်းဖြစ်သည်။ 

ဖလမ်းမြို့ကို ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းဖြင့် စစ်ကူလာချသည့် စစ်ကောင်စီတပ်ကို လိုက်လံချေမှုန်းကာ လက်နက်ခဲယမ်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို့ရရှိသည်အထိ ဆက်တိုက်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုထားသည်။ 

လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီး ချင်းတစ်ပြည်နယ်လုံး၏ (၈၅)ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီဟုလည်း ဆိုသည်။ 

ချင်းပြည်နယ်တွင် မြို့နယ်(၉)ခု၊ မြို့(၁၈)မြို့၊ ရပ်ကွက်(၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄)အုပ်စုနှင့် ရွာပေါင်း (၁၃၄၇)ရွာရှိသည်။ 

လက်ရှိတွင် ကန်ပက်လက်၊ ကျင်းဒွေး၊ ကျီးခါး၊ ဆမီး၊ ဆူရ်ခွား၊ တွန်းဇံ၊ နှာဟရိန်၊ မင်းတပ်၊ မတူပီ၊ ရိဒ်ခေါဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ၊ ဝေဘူလ၊ မကွီအိမ်နူးမြို့တို့မှာ စစ်ကောင်စီလက်အောက်မှ လွတ်မြောက်သွားပြီဖြစ်သည်။ 

သိမ်းပိုက်ရန် ကျန်ရှိသည့် ခိုင်ကမ်းမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့နှင့် ဟားခါးမြို့တို့ကို ဆက်လက်တိုက်ခိုက်နေသည်ဟု ချင်းညီနောင်များက ပြောဆိုသည်။ 

ချင်းညီနောင်များကမူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရရှိရေးနှင့် စံတန်ဖိုးနှင့်ကိုက်ညီသည်များကိုလည်း လွတ်လပ်စွာဖန်တီးခွင့်ရရှိရန် ဦးစားပေးလုပ်ဆောင်နေသည်ဟု ဆိုသည်။ 

#TachileikNewsAgency

#TNA_MAT

Photo : ချင်းညီနောင်မဟာမိတ်တပ်များထဲမှ CDF မင်းတပ် တပ်သားများ (ပုံဟောင်း)