တနင်္သာရီတိုင်း၊ မြိတ်ဘက်မှ ဆင်းလာသော အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကား(၁၂)စီးပါယာဉ်တန်းကို ယနေ့ ဧပြီလ(၂၃) ရက်နေ့ အကူးပိုင်းအချိန်က မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ရာ စစ်ကားနှစ်စီး မီးလောင်သွားသလို စစ်ကောင်စီ တပ်သား (၁၀)ဦးသေကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF)က သတင်း ထုတ်ပြန်လာသည်။
၎င်းယာဉ်တန်းကို ကဒဲရွာနှင့် ပဝတ်ကုန်းရွာအကြားတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်လာသည့် စစ်ကားများကို ခမောင်းတောရွာအနီးတွင် ထပ်မံ၍မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF)နှင့် မဟာမိတ်တပ်ပေါင်းစုများမှ သွားရောက်မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရွာအနီး မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နံနက် (၁)နာရီ (၄၅) မီနစ် ခန့်တွင် ပစ်ခတ်မှု ငြိမ်သက်သွားခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သားများက စစ်ကား (၁၂)စီးအနက် (၄) စီးသာ ထားဝယ်သို့ တက်သွားနိုင်ခဲ့ပြီး ကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။