မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး အပါအဝင် (၂)ဦး သေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရကြောင်း Wetlet Informational Network ထံမှ သိရသည်။
၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့က စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ (၄)စီး၊ Mi-35 နှစ်စီးဖြင့် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရွာများကို ပထမအကြိမ် ညနေ(၄)နာရီဝန်းကျင်၊ ဒုတိယအကြိမ် ညနေ(၄)နာရီ (၁၄)မိနစ်တို့တွင် တိုက်ခိုက်သွားကြောင်း သိရသည်။
ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်မှုအပြီးတွင် တတိယအကြိမ် Mi-35 တစ်စီးဖြင့် စက်သေနတ်နှင့် ပစ်ခတ်ခြင်းကြောင့် အသက်(၂၈)အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်တစ်နှစ်ခွဲခန့် ကလေးငယ်တစ်ဦး (သားမိ ၂ ဦး)တို့ ထိမှန်သေဆုံးကာ (၄)ဦးထက်မနည်း ဒဏ်ရာရကြောင်း သိရသည်။
ထို့နောက် နာရီဝက်ခန့်အကြာတွင် ဂျက်ဖိုက်တာ(၃)စီးဖြင့် ညနေ(၆)နာရီခွဲဝန်းကျင်တွင် မတ္တရာအနောက်ခြမ်း တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဝေဟင်ကို အဓိကဦးစားပေး အသုံးပြုနေသောကြောင့် မတ္တရာမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့စည်းများ၏ လေကြောင်းလမ်းညွှန်မှုများအား လိုက်နာပေးကြရန်၊ နေထိုင်ရာအနီးတဝိုက်တွင် ဗုံးခိုကျင်းများ၊ အကာကွယ်ရှိသောနေရာများတွင် နေထိုင်ကြရန်လည်း သတိပေးထားသည်။
#TachileikNewsAgency