ကျောက်ကြီးတိုက်ပွဲတွင် ဂျက်ဖိုက်တာက စစ်ကောင်စီတပ်ဖွဲ့အနီးသို့ ဗုံးကြဲချသဖြင့် မြေပြင်မှ စစ်ကောင်စီတပ်က လေယာဉ်ကိုပြန်ပစ်

ကျောက်ကြီးတိုက်ပွဲတွင် ဂျက်ဖိုက်တာက စစ်ကောင်စီတပ်ဖွဲ့အနီးသို့ ဗုံးကြဲချသဖြင့် မြေပြင်မှ စစ်ကောင်စီတပ်က လေယာဉ်ကိုပြန်ပစ်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် လေကြောင်းပစ်ကူလာသည့် ဂျက်ဖိုက်တာက ၄င်းတို့တပ်ဖွဲ့အနီးကို ဗုံးကြဲချသဖြင့် မြေပြင်မှ စစ်ကောင်စီတပ်က လေယာဥ်ကို ပြန်လည်ပစ်ခတ်သည်ဟု အထူးကွန်မန်ဒိုတပ်ရင်း-P29914 ထံမှ သိရသည်။

ကျောက်ကြီးမြို့မှ နတ်သံကွင်းသို့ နောက်တန်းပြန်မည့် စစ်ကောင်စီ‌၏ ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်နှင့် ကျောက်ကြီးအခြေစိုက်တပ်များမှ တပ်ဖွဲ့ဝင် အင်အား (၁၀၀)ကျော်ပါဝင်သည့် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ (၁)ရက်နေ့အထိ (၃)ရက်ကြာ တိုက်ခိုက်စဥ် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၂၉)ရက်နေ့တွင် ကျောက်ကြီးမြို့နယ် ကျွန်းကုန်းရွာထိပ်၌ အဆိုပါ စစ်ကောင်စီစစ်ကြောင်း နှင့် ရိုးမ(၂)စစ်ကြောင်း အထူးကွန်မန်ဒိုတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် KNLA နှင့်အတူ တိုက်ပွဲဖြစ်ခဲ့သည့်နေရာများအား တက်ရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ MA3 တစ်လက်အပါဝင် ခဲယမ်းအချို့နှင့် စစ်အသုံး ဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်(၅)နာရီတွင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းရွာသို့ စစ်ကြောင်း(၃)ခွဲကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ရိုးမ(၂)ကွန်မန်ဒိုအဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲမှာ တနေကုန်ကြာမြင့်ခဲ့ပြီး ညနေ(၄)နာရီခန့်တွင် အထိနာသွားသော စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့‌ ဒုံးတို၊ ဆိပ်ကြီးရွာများဖက်သို့ ပြန်လည်ဆုတ်ခွာသွားရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃)ဦး၏ ရုပ်အလောင်းများ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ရွာကြီးအင်းရွာကို နိုဝင်ဘာလ (၁)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်တွင် ထပ်မံစစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များထောင်ထားသည့် မိုင်းများနှင့် ရိုးမ(၂)ဒရုန်းအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ထပ်မံ အထိနာခဲ့ကြောင်း သိရသည်။

အထိနာသည့်စစ်ကောင်စီတပ်သည် နေ့လယ် (၁၂)နာရီဝန်းကျင်တွင် ဂျက်လေယာဉ်(၂)စီးဖြင့် လာရောက်ပစ်ခတ်သော်လည်း ဗုံးများမှာ ၎င်းတို့တပ်ဖွဲ့ အရှေ့သို့ ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။ မြေပြင်ရှိ စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ တိုက်လေယာဉ်ကို ပွိုင့်ဖိုက်လက်နက်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် လေယာဉ်မှာ ဆက်မပစ်တော့ဘဲ တောင်ငူလေတပ်သို့ ပြန်သွားသည်ဟု တော်လှန်‌ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

လေယာဉ်ပြန်သွားပြီးနောက် အထိနာနေသော စစ်ကောင်စီတပ်စစ်ကြောင်းမှာ ကျောက်ကြီးဖက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

တိုက်ခိုက်မှုကို ရိုးမ (၂)၊ KNLA ပူးပေါင်းဒရုန်းအဖွဲ့များနှင့် မြေပြင်ကွန်မန်ဒို၊ KNLA၊ ဖြူး ပကဖ၊ ရိုးမ (၁)စစ်ကြောင်း အာဠာဝကနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အထူးကွန်မန်ဒိုတပ်ရင်း -P29914-