ဝင်းနိမ္မိတာရုံဆရာတော်စီးလာသည့်ကားကို ပစ်ခတ်ကြောင်း စစ်ကောင်စီ ဝန်ခံ

ဝင်းနိမ္မိတာရုံဆရာတော်စီးလာသည့်ကားကို ပစ်ခတ်ကြောင်း စစ်ကောင်စီ ဝန်ခံ

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ ဆရာတော်ကြီးစီးလာသည့်ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် ဝန်ခံပြောဆိုသည်။

ဝင်းနိမ္မိတာရုံဆရာတော် လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်က မိုးပေါ်ထောင်၍ ပစ်ခတ်တားဆီးခြင်းနှင့် နောက်မှလိုက်ပစ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကမ္မရွာထိပ် ဘုရားအနီးလမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ နံပါတ်လိုင်စင်တပ် Surf အမျိုးအစား ယာဉ်တစ်စီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်က အော်ဟစ်တားဆီးတာတွေ၊ လက်ပြ တားဆီးတာတွေ လုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံးသေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်တားဆီးခဲ့တယ် ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာ အကြမ်းဖျဉ်းသိရှိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စီစစ်သွားမှာ ဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံသည်။

ယခုကဲ့သို့ ဝန်ခံမှုမပြုလုပ်မီ စစ်ကောင်စီသည် အတူပါ ကံသုံးဆင့်ဆရာတော်ကြီးအား အကြိမ်ကြိမ်စစ်မေးခြင်း၊ ကားမောင်းသမားအား ရုပ်သံရိုက်၍ သတင်းမှားပြောဆိုခိုင်းခြင်းနှင့် သတင်းမှားကို ၎င်းတို့ပိုင် သတင်းဌာနများမှ တဆင့် ထုတ်ပြန်ခြင်းများပြုလုပ်ခဲ့သည်။

သို့သော် တိုင်းသာသနာရေးဦးစီးဌာနက ယင်းနေ့တွင် တင်ပြသည့် ထူးခြားဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း တင်ပြထားသည်ကို တွေ့ရသည်။

ယင်းအပြင် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့်အတူ ကားပေါ်တွင် လိုက်ပါသွားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ဇွန်လ (၂၀)ရက်နေ့ ညနေပိုင်းတွင် ဖြစ်စဉ်နှင့်ပတ်သက်သည့် ရှင်းလင်းမိန့်ကြားမှုတွင်လည်း စစ်ကောင်စီတပ်သုံး FAW ကားပေါ်က ပစ်ခတ်ခဲ့သည့်အပြင် ကန်သုံးဆင့်ဆရာတော်အားလည်း မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ်တွင် ခေါ်ယူ၍ အကြိမ်ကြိမ်စစ်မေးခဲ့ကြောင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်မှာ နေရာတွင် ပျံလွန်တော်မူသွားပြီး ကန်သုံးဆင့် ဆရာတော်တွင် ဦးခေါင်းဒဏ်ရာ၊ ယာဉ်မောင်းမှာ လက်သုံးချောင်းပြတ်ထွက်သွားသည့်အပြင် အခင်းဖြစ်နေရာ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကာ ဖုန်းများလည်း အသိမ်းခံလိုက်ရကြောင်း သိရသည်။

ဆရာတော်သည် ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့်အတူ မန္တလေးမြို့ ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)တွင် ပြုလုပ်မည့် အစည်းအဝေးအတွက် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွခဲ့ပြီးနောက် လေဆိပ်မှ ကားဖြင့်ထွက်လာခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသွားရာလမ်းတွင် ကန်သုံးဆင့်ဆရာတော်၏ ဇာတိ ငါန်းဇွန်မြို့နယ်ကိုဝင်ရာ မြို့သာနှင့် ပန်းချီကမ္မ ကျေးရွာကြား၌ စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency