ရှမ်းမြောက်နှင့် မိုးကုတ်တွင် အရပ်သား ၄၄ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရ

ရှမ်းမြောက်နှင့် မိုးကုတ်တွင် အရပ်သား ၄၄ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရ
ဇူလိုင် 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ လားရှိုးမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် (၁၂)ရက်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၄၄)ဦးသေဆုံးပြီး (၅၇)ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု TNLA က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇွန်လ (၂၅)ရက်နေ့မှ စတင်ပြီး TNLA နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲစတင်ဖြစ်ပွားရာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်မဲတွင် အရပ်သားသေဆုံးသူ (၁၇)ဦး၊ နောင်ချိုမြို့တွင် (၂)ဦး၊ မိုးကုတ်မြို့တွင် (၅)ဦး ၊  မိုးမိတ်မြို့ တွင် (၁)ဦးနှင့် လားရှိုးမြို့တွင် အရပ်သား (၁၅)ဦး သေဆုံးသည်ဟု သိရသည်။

လေကြောင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် ကျောက်မဲမြို့တွင် (၂၇)ဦး၊ နောင်ချိုတွင် (၁) ဦး၊ မိုးကုတ်တွင် (၄)ဦး၊ သီပေါတွင် (၆)ဦး၊ လားရှိုးတွင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

သေဆုံးမှုအတွင်း နောင်ချိုတွင် စားဝတ်နေရေးအတွက် နေ့စဥ်သွားလာရုန်းကန်နေရသည့် ဒေသခံအမျိုးသမီး (၂)ဦးအား စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် (၇၀)ကျော် ထိခိုက်ပျက်စီးသွားပြီး ဒေသခံ (၃)သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယနေ့ ဇူလိုင်(၆)ရက်နေ့တွင် လားရှိုးမြို့ ရပ်ကွက် (၇)ရှိ စိတ္တသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင် (၃)ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News