မောက်မယ်မြို့နယ် ပွန်ချောင်းတံတားနှင့် အနီးရှိ PNLA ကင်း‌စခန်းကို စစ်ကောင်စီဗုံးကြဲ 

မောက်မယ်မြို့နယ် ပွန်ချောင်းတံတားနှင့် အနီးရှိ PNLA ကင်း‌စခန်းကို စစ်ကောင်စီဗုံးကြဲ 

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ပွန်ချောင်းတံတားနှင့် အနီးရှိ PNLA ၏ ကင်းစခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်(၇)နာရီတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်း PNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံး(၄)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်းနှင့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးကို ဖမ်းဆီးရမိထားသည်ဆိုသောဖြစ်စဉ် လတ်တလောတွင်မရှိသေးဟု PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန်က Tachileik News Agency ကိုပြောသည်။

“ကင်းစခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲတာဟုတ်တယ်ပေါ့နော်။ သူတို့လူတွေကို ကျွန်တော်တို့ ဖမ်းမိတယ်ဆိုတာတော့ မဟုတ်ပါဘူး။ အများပြည်သူ အသုံးပြုနေတဲ့ ပွန်ချောင်းတံတားကိုတော့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး(၄)လုံးကြဲချတိုက်ခိုက်ပါတယ်။ ထိခိုက်မှုတော့ မသိရသေးပါဘူး။”ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တို့သည် ပအိုဝ့်ဒေသတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပအိုဝ်းပြည်သူ့စစ်(PNO)က ဝင်ရောက်တိုက်ခိုက်ပေးနေခြင်းဖြစ်သည်။

#TachileikNewsAgency