မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ အလုပ်အတွက် နိုင်ငံကူးစာအုပ်(PJ) ကိုင်ဆောင်ထားသူများအား အာဏာသိမ်းစစ်ကောင်စီက ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၅)ရက်နေ့ကစတင်ကာ ဖြတ်သန်းခွင့်မပြုတော့ပဲ ပိတ်လိုက်ကြောင်း သိရသည်။
ယင်းသို့ဖြတ်သန်းခွင့် ပိတ်ပင်ရခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသော်လည်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ရောက်ရှိပါက ၎င်းတို့အား တော်လှန်ပုန်ကန်မည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။
"စကစကို ဆန့်ကျင်သူတွေ ပြည်ပမှာစုနေမယ်။ အလှူငွေတွေ၊ ဘာတွေနဲ့ ရပ်တည်ချက်သဘောထားတွေကို ထုတ်ဖော်တာမျိုးကို မလိုချင်လို့ ပိတ်လိုက်တာလို့ထင်တယ်။"ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က ယခုလို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းကြောင့် အလုပ်သမား (၁၀၀)ဝန်းကျင်မှာ မြဝတီနယ်စပ်တွင် ဖြတ်သန်းသွားလာခွင့်မရဘဲ အခတ်အခဲ ဖြစ်နေသည်ဟု သိရသည်။
"ဖြစ်ကို မဖြစ်သင့်တဲ့ကိစ္စ၊ အလုပ်သမားအခွင့်အရေးအရပဲဖြစ်စေ၊ လူ့အခွင့်အရေးအရပဲဖြစ်စေ၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအရပဲဖြစ်စေ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ၊ ဒီလိုမျိုး ဒုက္ခရောက်တာကို စကစက သိပ်ကြည့်ချင်တာလို့ ယူဆရတယ်။ သူတို့ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူတွေ ဒုက္ခရောက်တာကို သူတို့ကမြင်ချင်တာ။"ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံက နှစ်နိုင်ငံ MoU ထိုးကာ (၄)နှစ်၊ (၆)နှစ်ဖြင့် လာရောက်သည့် သက်တမ်းကုန်ဆုံးတော့မည့် မြန်အလုပ်သမားများကို ၂၀၂၃ခုနှစ်၊ မေလ(၃၀)ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း ဇူလိုင်လ (၃၁)ရက်နေ့အထိ နေထိုင်ခွင့်ပြုထားချိန်တွင် စစ်ကောင်စီဘက်ကလည်း ဖြေလျော့ပေးသင့်သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။
"ဘယ်လောက်ပဲ ခေတ်တွေ၊ စနစ်တွေ၊ မူဝါဒတွေ ဘယ်လိုပဲသဘောထား ကွဲလွဲမှုရှိနေပါစေ တိုင်းပြည်ကို အာဏာလုထားတာမို့လို့ ပြည်သူက ဘယ်လောက်ပဲ ဆန့်ကျင်နေပါစေ အုပ်ချုပ်ရမယ့် ပြည်သူလူထုအပေါ်မှာတော့ စေတနာလို့တော့ မပြောချင်ဘူး ရှိသင့်တယ်။"ဟု ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့အားဆန့်ကျင်မည့် အင်အားစုများ ထိုင်းနိုင်ငံအတွင်း သွားရောက်စုရုံး၍ ဆန့်ကျင်နေခြင်းအား မလိုလားသဖြင့် ကုန်းလမ်းများ ပိတ်ပြီးသွားပါ ရေလမ်းကြောင်း အပါအဝင် လေကြောင်းမှတစ်ဆင့် သွားလာမှုများကိုပါ တင်းကြပ်မှုများ လုပ်ဆောင်ကာ ပိတ်ပင်လာနိုင်သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားသည် ကိုဗစ်ကပ်ဘေးကြောင့် (၃)နှစ်နီးပါးပိတ်ထားခဲ့ ရာက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ အလုပ်အတွက် နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားသူများကို စစ်ကောင်စီ ဖြတ်သန်းခွင့်ပိတ်
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024