စစ်တပ်အသိုင်းအဝိုင်းမှဖြစ်ပြီး ဝန်ထမ်းများကို အကြမ်းဖက်သည်ဟု သတင်းထွက်နေသည့် 29 ရတနာဆိုင် ဗုံးပေါက်

စစ်တပ်အသိုင်းအဝိုင်းမှဖြစ်ပြီး ဝန်ထမ်းများကို အကြမ်းဖက်သည်ဟု သတင်းထွက်နေသည့် 29 ရတနာဆိုင် ဗုံးပေါက်

ရန်ကုန်တိုင်း တာမွေမြို့နယ် ကျိုက္ကစံလမ်း ဦးချစ်မောင်အိမ်ယာအနီးရှိ 29 ရတနာရွှေဆိုင် ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ 

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာတွင် စစ်ကောင်စီ တပ်သားများရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးခြင်းများ လုပ်ဆောင်နေကာ ထိခိုက်ပျက်စီးမှုအခြေ အနေကိုမူ မသိရသေးပါ။ 

"ကျိုစံက္ကစံလမ်း ဦးချစ်မောင်အိမ်ယာက 29 ရတနာဆိုင် ဗုံးပေါက်တာ။ မြေကြီးပါတုန်တယ်။ မီးတော့မလောင်သွားဘူး။ အခု ကားတွေကိုတားစစ်နေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ 29 ရတနာဆိုင်သည် ဝန်ထမ်းများအား အကြမ်းဖက်ကြောင်း သတင်းထွက်ပေါ်နေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း ရွှေထည်ပစ္စည်း (၃၄)မျိုး ပျောက်ဆုံးခဲ့သည့်အတွက် ဝန်ထမ်း (၇၀)ဦးခန့်အား မိသားစုနှင့် အဆက်အသွယ်လုံးဝ လုပ်ခွင့်မပြုဘဲ ပိတ်လှောင်စစ်ဆေးခြင်းများရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းရွှေဆိုင်သည် စစ်ကောင်စီတပ်အား ငွေကြေးလှူဒါန်းကြောင်းနှင့် စစ်တပ်အသိုင်းအဝိုင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေပြီး တော်လှန်ရေးတပ်များ၏ သတိပေးခြင်းကိုလည်း ခံထားရသည့် ဆိုင်ဖြစ်သည်။

#TachileikNewsAgency

Photo: Time City ရှိ 29 ရတနာဆိုင် (ပုံဟောင်း)