တောင်သာမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

တောင်သာမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း - NRDF မှ ၂၀၂၄ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ဇွန်လ (၅)ရက်နေ့ မနက် (၁၁)နာရီခွဲခန့်တွင် မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း-NRDF၏ Drone တပ်ဖွဲ့မှ Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် (၆)ကြိမ် ဗုံးသီးများ ကြဲချတိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၅) ရက်နေ့ ညနေ (၄) နာရီခွဲခန့်တွင် တောင်သာ မကျီးရိုး စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် (၆)ကြိမ် ဗုံးသီးများထပ်မံ ကြဲချ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း - NRDF မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း - NRDF ၊ မြင်းခြံခရိုင် (အမှတ်၁) တပ်ရင်း ၊ မြင်းခြံခရိုင် (အမှတ်၃) တပ်ရင်း ၊ တောင်သာမြို့နယ် ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် ၊ နဘဲသာရွာမြောက်ထိပ်မှ မာန်လည်ရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား (၄၀) ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF နှင့် မဟာမိတ်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

#TachileikNewsAgency