အမ်းမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၂၇ ဦးသေဆုံး

အမ်းမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၂၇ ဦးသေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ်၏ ရပ်ကွက် နှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား(၂၇)ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့နှင့် (၂၈)ရက်နေ့တို့တွင် အမ်းမြို့ပေါ်ရပ်ကွက်(၄)နှင့် ရပ်ကွက်တချို့ကို ဗုံးကြဲချသွားရာ အရပ်သား(၅)ဦး သေဆုံးပြီး အင်ကုန်းကျေးရွာကို ဗုံးကြဲရာ အရပ်သား (၂၃)ဦး သေဆုံးသည်ဟု သိရသည်။

"မနေ့ညက လေယဉ်နဲ့ဗုံးလာကြဲတာ အမ်းမြို့ပေါ်ရပ်ကွက်တွေကို ဒေသခံ (၅)ဦးသေသွားတယ်။ အမျိုးသမီးတစ်ဦးဆို နှစ်ပိုင်းပြတ်သွားတာ အလောင်းတောင် မကောက်နိုင်သေးတဲ့အခြေအနေ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(အမ်း)ကို အာရက္ခတပ်တော် (AA)နှင့် တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က လေကြောင်းအများအပြားအသုံးပြုနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာနှင့် ရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

အောက်တိုဘာလ (၂၈)ရက်နေ့ ညနေပိုင်းက အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီဆေးတပ်ကို AAက ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆေးတပ်အနီးရှိ အင်ကုန်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းကြောင့် အရပ်သား (၂၃)သေဆုံးကာ (၅)ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ပိတ်မိနေပြီး ထွက်ပြေးရန်နေရာမရှိသဖြင့် သတိထားကာ နေကြသည့်အခြေအနေဖြစ်သည်ဟုလည်း ဆို သည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဧပြီလကစတင်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်း၊ နတ်တောင်ဗျူဟာကုန်းများအပြင် တပ်စခန်းများကို AAက သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခမရ(၃၇၃)၊ (၃၇၂)၊ (၃၇၁)၊ BE၊ GE၊ စရဖတပ်များနှင့် အမြောက်တပ်များကို ဆက်လက်တိုက်ခိုက်နေရဆဲဖြစ်ပြီးကာ အဆိုပါတိုက်ပွဲများ၏ အသေးစိတ်အချက်အခြေအနေကို မသိရသေးပါ။.

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)