စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်ပြီဟု သတင်းထွက်ပြီးနောက် ဝပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့်ပြုရန် တရုတ်အကြောင်းကြား၍ စတင်ခွင့်ပြု 

Wa News Land တွင် ဖေါ်ပြထားသည့် ထုတ်ပြန်စာ
Wa News Land တွင် ဖေါ်ပြထားသည့် ထုတ်ပြန်စာ
စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်ပြီဟု သတင်းထွက်ပြီးနောက် ဝပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့်ပြုရန် တရုတ်အကြောင်းကြား၍ စတင်ခွင့်ပြု 
By Tachileik News Agency

ကိုးကန့် MNDAA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တရားဝင်အပစ်ရပ်ပြီဟု သတင်းထွက်လာပြီးနောက် "ဝ"ပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့်ကို ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသအခြေစိုက် Wa News Land က ဖေါ်ပြသည်။



အဆိုပါထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသနှင့် "ဝ"ပြည် ဟိုပန်ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။



ထို့ကြောင့် ယနေ့မှစတင်ကာ ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်ပြုလိုက်ပြီး စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ၊ နေ့စဉ်ထွက်ကုန်နှင့် ထောက်ပံ့ရေးပစ္စည်းများအားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်သည်ဟု ဖော်ပြထားသည်။



အဖွဲ့အစည်းအမှတ်တံဆိပ်များမပါဝင်သည့် အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို Tachileik News Agency က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး သီးခြားအတည်ပြုချက် မရသေးပါ။



တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူးမင်းမြို့၌ ဇန်နဝါရီ(၁၆)ရက်နေ့ကစတင်ကာ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးနေသည့် MNDAA နှင့် စစ်ကောင်စီတို့ကြား ဇန်နဝါရီလ (၁၈)ရက်နေ့တွင် စတင်သက်ဝင်မည့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တနင်္လာနေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု ရိုက်တာသတင်းတွင် ယနေ့ ဖေါ်ပြထားသည်။



လက်ရှိတွင် ကိုးကန့် - တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်အပြင် "ဝ" - တရုတ် နယ်စပ်ရှိ နမ့်တစ်(မန်ခါး)ဂိတ်တို့ကို ယမန်နေ့က စတင်ဖွင့်ပေးပြီး ဓာတ်ဆီများလည်း ပြန်လည်ဝင်ရောက်နေပြီဟု ဒေသအခြေစိုက် Wa News Land ကလည်း ဖော်ပြထားသည်။



တရုတ်အစိုးရဘက်က ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ယမန်နှစ်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တရုတ် - မြန်မာနယ်စပ်ဂိတ်များကို ကုန်စည်တင်သွင်းခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။



စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက တရုတ် - မြန်မာနယ်စပ်ဂိတ် (၅)ခုဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့်ခမ်းဂိတ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ထားခြင်းဖြစ်သည်။