ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံး

ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံး
ဒီဇင်ဘာ 9, 2024 | 2021 Military Coup| ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ရပ်စောက်မြို့နယ်ကျောက် ဂူဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု တော်လှန်ရေးတပ်များက သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်နှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်များ သိမ်းဆည်းရရှိသည်ကို ယနေ့ ဒီဇင်ဘာလ(၉) ရက်နေ့တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)က သတင်းထုတ်ပြန်သည်။



(၁၀)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော်သေကာ အများအပြားဒဏ်ရာရရှိသည်ဟု သိရသည်။ 

တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးမှ နေထိုင်ကြရန်နှင့် ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် မေတ္တာရပ်ခံထားသည်။



ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်ကူပို့လိုသည့် စစ်ကောင်စီတပ်သည် ကျောက်ဂူဘက်မှတဆင့် စစ်ကူပို့ဆောင်နေရာ DPLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းဖြင့် ဓာတုဗုံးများ ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။ 

“ဗုံးချတိုက်ခိုက်ခံရပြီးတော့ မူးဝေအော့အန်တာတွေ ရှိပါတယ်။ ဗုံးအရေအတွက်တော့ အတိကျ မသိရဘူးဗျ။ တော်တော်လေးတော့ များတယ်။”ဟု DPLA မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ယနေ့ နံနက်ပိုင်းက ပြောသည်။ 

တိုက်ပွဲဖြစ်နေစဉ် ဒီဇင်ဘာလ (၇)ရက်နေ့ ညနေ (၄)နာရီတွင် စစ်ကောင်စီတပ်ဘက်က ဒရုန်းဖြင့် ဓာတုဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် DPLA နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့်ကာ မူးဝေအော့အန်ခြင်းများ ဖြစ်ပေါ်သည်ဟု ဆိုသည်။ 

DPLA နှင့် ပူးပေါင်းတပ်များသည် ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ နယ်မြေခံတပ်များဖြစ်သည့် ကျောက်ဂူအမြောက်တပ် အမတ(၃၄၉)၊ နောင်ဝိုးတပ် ခလရ (၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်းခမ်းသို့ ရပ်စောက်ဘက်မှ စစ်ကူပို့သည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

ယနေ့ညပိုင်း TNLA ဘက်က ထုတ်ပြန်ချက်တွင် ကျောက်ဂူ-ကျောက်ဆုံကျေးရွာ၌ စစ်ကောင်စီ စစ်သုံးပန့်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိသည်ဟု ဆိုသည်။ 

ယနေ့ ဒီဇင်ဘာလ(၉)ရက်နေ့ တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ - ကျောက်ဆုံတွင် TNLA၊ DPLA တို့ ပူးပေါင်းပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။ 

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ ရုပ်အလောင်း (၁၅) လောင်း၊ စစ်သုံးပန့် အရှင် (၁၇)ဦးနှင့် လက်နက်မျိုးစုံ (၂၈)လက်အပါအဝင် ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရရှိသည်ဟု ဆိုသည်။

 

ထို့အတူ တောင်ခမ်းအမြောက်တပ် (၃၅၄) စခန်းတွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်သား (၂)ဦးအား လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ(၈)ရက်နေ့ကလည်း နောင်ချိုမြို့ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း၊ ဂန့်ကော်ကျေးရွာနှင့် စစ်ကောင်စီတပ် (၄၀၆)တပ်စခန်းအနီးတွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

Photo: TNLA, Danu People's Liberation Front