နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲရာ ၂ ဦးကျဆုံး

နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲရာ ၂ ဦးကျဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA) တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ TNLA ရဲဘော် (၂)ဦး ကျဆုံးကြောင်း TNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်စွဲထားသည့် ရွှေညောင်ပင်ရွာမှ ဆမ္မဆယ်ရွာသို့ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုးကုတ်မြို့နယ် တောင်နီကျေးရွာတွင်လည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ရာ အရပ် သားတစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရသည်ဟု သိရသည်။

ဒဏ်ရာရသူများထဲတွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ကာ လူနေအိမ် (၂)လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ဇွန်လ (၁၈)ရက်နေ့ကလည်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီအဖွဲ့မှ ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းအား ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ဗုံးကြဲမှုကြောင့် TNLA ရဲဘော် (၁)ဦးကျဆုံးပြီး (၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် TNLA ထိန်းချုပ်ရာမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News