ပြည်သူထောက်ခံမှုမရှိတော့သည့် စစ်ခေါင်းဆောင်က ပြည်သူနှင့်ပေါင်း၍ လက်တုန့်ပြန်မည်ဟု ပြောဆို

ပြည်သူထောက်ခံမှုမရှိတော့သည့် စစ်ခေါင်းဆောင်က ပြည်သူနှင့်ပေါင်း၍ လက်တုန့်ပြန်မည်ဟု ပြောဆို

ပြည်သူလူထုထောက်ခံမှုမရှိတော့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထုနှင့်ပူးပေါင်းကာ လိုအပ်သည့် လက်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် စစ်ကောင်စီက ကာလုံအစည်းအဝေး ခေါ်ယူခဲ့ရာ ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီ သမ္မတ ဦးမြင့်ဆွေကလည်း ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက စစ်ကောင်စီတပ်ကို ထောက်ခံပေးရန်လိုကြောင်း၊ စစ်ကောင်စီတပ်အနေဖြင့် အသက်စွန့်တာဝန်ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှု ရရှိနေခြင်းဖြစ်ကြောင်း ပြောသည်။

အစည်းအဝေးကို ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးတီခွန်မြတ်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုခေါင်းဆောင် စိုးဝင်း၊ တင်အောင်ဆန်း၊ ရာပြည့်၊ သန်းဆွေ၊ ထွန်းထွန်းနောင်၊ အောင်လင်းဒွေး၊ ရဲဝင်းဦးနှင့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ဆွေတို့ တက်‌ရောက်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း (၁၅၀)နှင့် မြို့(၃)မြို့ကို မဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး စစ်ကိုင်းတိုင်းရှိ မြို့(၂)မြို့ကိုလည်း PDFတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်သည်။

#TachileikNewsAgency