သံတွဲမြို့ တိတ်ဆိတ်နေပြီး ဇီးဖြူကုန်းတွင် တိုက်ပွဲဆက်ဖြစ်နေ

သံတွဲမြို့ တိတ်ဆိတ်နေပြီး ဇီးဖြူကုန်းတွင် တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ပြည်နယ် သံတွဲမြို့တွင်း၏ လက်ရှိအခြေအနေမှာ တိတ်ဆိတ်တည်ငြိမ်နေပြီး ငပလီကမ်းခြေရှိ ဇီဖြူကုန်းတွင် တိုက်ပွဲဆက်ဖြစ်နေကာ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့ တစ်ညလုံး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီး ယနေ့နံနက်ပိုင်းတွင်မူ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးကြောင်း သိရသည်။

ငပလီကမ်းခြေနှင့် သံတွဲမြို့တွင်းရှိ ဒေသခံများသည် ဂွမြို့နယ်ဘက်သို့ တိမ်းရှောင်သွားကြပြီး မြို့တွင်း၌ ဒေသခံအနည်းငယ်ကျန်ရှိနေသေးကာ ဂွဘက်သို့တက်သည့် မြို့အထွက်တွင် စစ်ကောင်စီတပ်သားတချို့နှင့် ပြည်သူ့စစ်များ အထိုင်ချထားသည်ဟု သိရသည်။

“သံတွဲမှာမြိုထဲမှာတော့ လူရှင်းသလောက်ဖြစ်နေပြီ။ စကစတွေရော၊ AAတွေရော မရှိဘူး။ ရဲစခန်းကတော့ လမ်းမှာ သံဆူးကြိုးတွေနဲ့ကာထားလို့ အခြေအနေမသိရဘူး။ စာနီတောင်ဂိတ်မှာတော့ စကစဘက်က ယူနီဖောင်းအပြည့်အစုံနဲ့ အကြပ်ရာထူးတစ်ယောက် ထိုင်နေတယ်။ ပြည်သူ့စစ် အသက်ရွယ်အားဖြင့် (၂၅)ပတ်ချာလည် (၁၀)ယောက်လောက် G3လို့ထင်ရတဲ့ သေနတ်တွေလွယ်ပြီး အဝင်၊ အထွက်စစ်နေတယ်။ စစ်လား၊ ဆေး လားတော့ အရမ်းမလုပ်ဘူး။ မှတ်ပုံတင်ပြနိုင်ရင် ရပြီ။”ဟု တိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဇွန်လ (၂၄)ရက်နေ့အထိ သံတွဲမြို့တွင်းမှ ကားများကို စာနီတောင်ဂိတ်မှ ဖြတ်သန်းသွားလာခွင့်နှင့် မြို့တွင်းအဝင်လက်ခံခြင်းကို စစ်ကောင်စီဘက်က လုပ်ဆောင်ပေးခဲ့သော်လည်း ယမန်နေ့ကစတင်ကာ ဆိုင်ကယ်သာ ပေးထွက်ပြီး သံတွဲသို့ ပြန်ဝင်ခွင့်မပြုတော့ကြောင်း ပြည်သူ့စစ်လူငယ်တစ်ဦးက တောက်လျောက်အော်ပြောနေသည်ဟု ဆိုသည်။ 

“စာနီတောင်ဂိတ်အထွက်မှာ ဆီဖိုးတစ်ခုတည်းယူပြီး လိုက်ပို့ပေးတဲ့ ပရဟိတကားအဖွဲ့တွေရှိတယ်။ နှစ်ဘီး၊ သုံးဘီး အခကြေးငွေယူပြီး ပို့တဲ့အဖွဲတွေရောနဲ့။ ကားဂိတ်တစ်ခုသဖွယ် စည်းကားနေတယ်။ သံတွဲထောင်ဝန်ထမ်းတွေ လိုင်းကားနဲ့ လာတာတွေ့တယ်။ အုပ်စုလိုက်တော့ မဟုတ်ဘူး။ တစ်ယာက်စ၊ နှစ်ယောက်စပဲ။ ဂျိတ္တော ရဲစခန်းက ရဲတချို့လည်း ဆိုင်ကယ်နဲ့ ကျိန္တလီ၊ ဂွဖက်ထွက်လာတွေ လမ်းမှာတွေ့ခဲ့တယ်။ မြို့တွင်းကနေ ထွက်မလာသေးတဲ့လူတွေ တော်တော်များများရှိနေကြသေးတယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ငပလီကမ်းခြေ ခလရ(၅၅)တပ်ရင်းအနီး ဇီးဖြူကုန်းရွာတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်းများရှိသည့်အပြင် နေရာစုံမှလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများကို ကြားနေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ(ယနေ့ ဇွန်လ(၂၆)ရက်နေ့ သံတွဲမြို့တွင်း အခြေအနေ)