လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ အာဟာရပြတ်လတ်၍ သေဆုံးနိုင်သည့် အန္တရာယ်ရှိနေ

လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ အာဟာရပြတ်လတ်၍ သေဆုံးနိုင်သည့် အန္တရာယ်ရှိနေ

စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေရာယူထားသည့် လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားများ အာဟာရပြတ်လတ်၍ သေဆုံးနိုင်သည့် အန္တရာယ်ရှိနေ၍ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းများ၏ အကူအညီများလိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ၂၀၂၄ ခုနှစ် မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြို့တွင်းတိုက်ပွဲများကြောင့် လွိုင်‌ကော်မြို့ခံပြည်သူများနှင့် အခြားကရင်နီဒေသရှိ ပြည်သူများ စစ်ဘေးရှောင်ရခြင်းများ ပို၍များပြားလာသည့်အတွက် အကျဉ်းထောင်သို့ ပုံမှန်ပါဆယ်ပို့ပေးနေကြသည့် မိသားစုဝင်များ ထောင်ဝင်စာ ပါဆယ်ပို့ဆောင်နိုင်ခြင်း မရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် (၆)လကျော်ရှိလာပြီဖြစ်ကြောင်းသိရသည်။

မိသားစုဝင်များ ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်းမရှိသည့်အတွက် အကျဉ်းသားများသည် အကျဉ်းထောင်မှကျွေးသည့် ထမင်းနှင့်ဟင်းကိုသာ အဓိကအားပြု စားသုံးနေရကြောင်းသိရသည်။

လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပင် ရိက္ခာကို ချွေတာစားသောက်နေကြရသည့်အတွက် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများကို အကျဉ်းထောင်မှ ပုံမှန်ကျွေးရန် သတ်မှတ်ထားသည့် ထမင်း၊ပဲဟင်းနှင့် တပတ်စာ အသားဟင်း (၄)တုံးကိုပင် ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ပဲ ဆန်၊ငါးပိနှင့် ဆားကြမ်းကိုသာ ကျွေးလျက်ရှိကြောင်း PPNM မှဆိုသည်။

အချိန်ကာလအားဖြင့် (၆)လကျော်သည်အထိ ဆန်အကြမ်းနှင့်ငါးပိအနည်းငယ်ကိုသာ အားပြုစားသောက်နေကြရသည့် အကျဉ်းသားများသည် ဗီတာမင်ဓာတ်ပြည့်ဝသည့် အစားအသောက်များကို ကောင်းစွာစားသောက်ရမှု မရှိခြင်းကြောင့် ကျန်းမာရေးချို့တဲ့လျှက်ရှိကြောင်းသိရသည်။

ထို့အပြင် အချုပ်ခန်းပြင်ပတွင် သွားလာချိန် လွန်စွာနည်းပါးပြီး  ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ခွင့် ကန့်သတ်ခံထားရသည့်အတွက် လက်ရှိအချိန်တွင် ကိုယ်ခန္ဓာများ ချိနဲ့လျက်ရှိပြီး အချို့အကျဉ်းသားများမှာ ထောင်အခေါ် တုတ်ဆွဲခြင်း(လေဖြတ်ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစားနေရသူ များလာနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ အကျဉ်းထောင်အတွင်း စားသောက်ရေးပြတ်လတ်မှုကို အချိန်ကြာမြင့်စွာ ခံကြရမည်ဆိုလျင် လက်ရှိကျန်းမာရေး ချို့ယွင်းလာသူများသည် အာဟာရပြတ်လတ်၍ အချိန်မရွေး သေဆုံးသွားနိုင်သဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အနေဖြင့် လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများကို ဆေးနှင့်အခြေခံစားသောက်ကုန်များ ပို့ဆောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း PPNM မှ ဆိုသည်။

လွိုင်ကော်အကျဉ်းထောင်ကို မြန်မာပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN)နှင့် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မေ့မထားကြပဲ အာရုံစိုက်ဆောင်ရွက်ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တိုက်တွန်းထားသည်။

လက်ရှိ လွိုင်ကော်အကျဉ်းထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၁၀)ကျော် အပါအဝင် အကျဉ်းသားစုစုပေါင်း (၄၀၀)ကျော် ထောင်အတွင်း အကျဉ်းချခံထားရသည်။

#TachileikNewsAgency