နောင်ချိုတိုက်ပွဲတွင် TNLA နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ပါဝင်တိုက်ခိုက်

နောင်ချိုတိုက်ပွဲတွင် TNLA နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ပါဝင်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် TNLA နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)လည်း ပါဝင်တိုက်ခိုက်နေကြောင်း DPLF က သတင်းထုတ်ပြန်သည်။

ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့ နံနက်ပိုင်းကစတင်ကာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) လှုပ်ရှားဒေသတွင် DPLF၊ TNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည်ဟု ထုတ်ပြန်ထားသည်။

ဇွန်လ (၁၈)ရက်နေ့ကလည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)လှုပ်ရှားရာ နောင်ချိုဒေသတွင် စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်း (၂)စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် DPLFမှ ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)အပြင် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း TNLA က အသိပေး ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် နံနက်(၅)နာရီခွဲကစတင်၍ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး(၄)လုံး ကြဲချသည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ်၌ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ နံနက် (၅)နာရီခွဲကစတင်ကာ တိုက်ပွဲ ဖြစ်ပွားသည်ဟု သိရသည်။

ထို့အပြင် မန္တလေးတိုင်း မိုးကုတ်မြို့  စလောင်တောင်အနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်နေပြီး မတ္တရာမြို့နယ် ဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

တိုက်ပွဲအခြေအနေကြောင့် မန္တလေး-မိုးကုတ်ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းကို ဇွန်လ (၂၅)ရက်နေ့ မှစတင်ကာ ည(၇)နာရီမှ နံနက်(၆)နာရီအတွင်း အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန်၊ သတ်မှတ်ထားသောအချိန်အတွင်း ခရီးသွားပါက မှန်ချမောင်းနှင်ရန်၊ စစ်ကောင်စီယဉ်များနှင့် အနီးကပ်နေခြင်းမပြုလုပ်ရန်၊ လမ်းခရီးတွင် တိုက်ပွဲဖြစ်နေပါက ဘေးကင်းရာတွင် ယာဉ်များရပ်နားထားရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency