ပလမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ဒေသခံ ၈ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ပလမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ဒေသခံ ၈ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ဒေသခံ (၈) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် အင်အား (၁၄၀)ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်သင်္ဘော (၂)စီး လှေငယ် (၃) စီးဖြင့် ပလမြို့ဒေသခံလူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းစေရန်အတွက် ပလမြို့ရဲစခန်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၃)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ပလမြို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး နံနက် (၆)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းနှင့် ပုလောမြို့နယ်ပကဖ၏ ဒရုန်းတပ်ဖွဲ့များမှလည်း စစ်ကြောင်း၏ ယာယီတပ်စွဲရာနေရာများကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ပလမြို့ရှိ စာသင်ကျောင်းနှင့် သာသနိကအဆောက်အဦးများတွင် အခြေပြုကာ ပလမြို့ရှိ ပြည်သူနေအိမ်များသို့ ဝင်ရောက်၍ ဒေသခံများကို အတင်းအဓမ္မမ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် သက်ကြီးရွယ်အိုများ၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ဒေသခံ (၁၈) ဦးအား ဖမ်းဆီးခဲ့ပြီး လူသားဒိုင်း ပြုလုပ်ခဲ့ကာ လက်ရှိတွင် (၁၀)ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် (၈)ဦးကို ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲသည် စက်တင်ဘာလ (၃)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်အထိ ဖြစ်ပွားခဲ့ပြီး စစ်သား (၃)ဦး ‌သေဆုံးခဲ့ကာ (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း  မြိတ်ခရိုင် ၊ အမှတ် (၁)တပ်ရင်းက ဆိုသည်။

တိုက်ပွဲအတွင်း မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းမှ တပ်ဖွဲ့ဝင် (၂)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ (၅)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီစစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် (၁)ဦးအား တွေ့ရှိခဲ့ပြီး လုံခြုံသည့်နေရာသို ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်းတပ်သားသစ်သည် မန္တလေးမြို့ဇာတိဖြစ်ပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းခံရကာ ပုလောအခြေစိုက် ခလရ (၂၈၅)တွင် တာဝန်ချ ခံရခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ  (၆)ရက် ညနေ(၃)နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းမှ ပလမြို့ရေနက်ဆိပ်ကမ်းသို့ ဆုတ်ခွာနေသည့် အင်အား (၅၀)ပါ စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၅)ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ၊ အမှတ် (၁)တပ်ရင်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ပုလောမြို့နယ်ပကဖနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇) တပ်ခွဲ(၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပုလောမြို့နယ်အတွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် မြိတ်-ပုလော-ပ‌လောက်လမ်းပိုင်းအား အသုံးပြု၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန် မြိတ်ခရိုင် ၊ အမှတ် (၁)တပ်ရင်းက တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency