ရေဘေးသင့် ဒေသများအတွက် အမေရိကန်က ဒေါ်လာ ၃ သန်းထပ်မံထောက်ပံ့မည်

ရေဘေးသင့် ဒေသများအတွက် အမေရိကန်က ဒေါ်လာ ၃ သန်းထပ်မံထောက်ပံ့မည်

မြန်မာနိုင်ငံတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလက ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရပ်ရွာများကို အမေရိကန်နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၃)သန်း ထပ်မံထောက်ပံ့မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ယနေ့၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ထုတ်ပြန်သည်။

ရေကြီးရေလျှံမှုကြောင့် လူပေါင်းတစ်သန်းကျော် ရေဘေးဒုက္ခ ခံစားခဲ့ရသဖြင့် အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)က မြန်မာနိုင်ငံရှိ ရေဘေးသင့် ရပ်ရွာများတွင် နေထိုင်သူများအား ဒေါ်လာ(၃)သန်း ထပ်မံ ထောက်ပံ့မည်ဟု ဆိုသည်။

အဆိုပါ ရန်ပုံငွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားပံ့ပိုးကူညီမှုများအဖြစ် ဖြန့်ဝေပေးသွားမည် ဟု သိရသည်။ 

မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သူများအတွက် အမေရိကန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီ စုစုပေါင်းသည် ယမန်နှစ်တွင် အမေရိကန်ဒေါ်လာ (၁၄၁)သန်းနီးပါးအထိရှိခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ ရင်ဆိုင်နေရသော ရပ်ရွာများကို ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့စဥ် (ပုံဟောင်း)