ဖားကန့်ရှိ လုပ်ကွက်ကမ်းပါးပြိုကျကာ ရေမဆေးလုပ်သားများပါသွား၊ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးထိမှန်သေဆုံး

ဖားကန့်ရှိ လုပ်ကွက်ကမ်းပါးပြိုကျကာ ရေမဆေးလုပ်သားများပါသွား၊ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးထိမှန်သေဆုံး
အောက်တိုဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့က ကမ်းပါးပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူများပါသွားသည့်အပြင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့်လည်း အရပ်သားကလေးတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါရွာရှိ တောက်ပကြယ်ကျောက်စိမ်းလုပ်ကွက်တွင် ယမန်နေ့ည (၇)နာရီဝန်းကျင်က ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူများပါသွားကာ လက်ရှိတွင် (၄)ဦး ပြန်ရှာတွေခဲ့ရာ တစ်ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

“သက်ဆိုင်ရာအဖွဲ့တွေက ညကတည်းက ရှာဖွေမှုတွေအလုပ်မခံတော့ဘူး။ နောက်ထပ်သေဆုံးသူတွေရှိနိုင်တယ်။ အခုရှာဖွေခွင့် ပိတ်လိုက်လို့ ဆက်မသိရတော့ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် ယင်းနေ့ ညနေ(၄)နာရီဝန်းကျင်တွင်လည်း တာမခံရှိ စစ်ကောင်စီတပ်စခန်းကုန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နန့်ရေတောင်ကျေးရွာအတွင်းရှိ နေအိမ်သို့ကျရောက်ပေါက်ကွဲကာ အမျိုးသားတစ်ဦးထိမှန်ဒဏ်ရာရပြီး (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသည့် အမျိုးသားကို ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေရသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency