ရွှေဘိုမြို့နယ်အတွင်း လက်နက်အင်အား မမျှတခြင်းကြောင့် ကျဆုံးခဲ့ရသည့် PDF (၁၅)ဦးကို  မီးသင်္ဂြိုလ်

ရွှေဘိုမြို့နယ်အတွင်း လက်နက်အင်အား မမျှတခြင်းကြောင့် ကျဆုံးခဲ့ရသည့် PDF (၁၅)ဦးကို  မီးသင်္ဂြိုလ်
ဖေဖော်ဝါရီ 27, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာနှင့် ဇီးဖြူကုန်းရွာတွင် ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁၅)ဦး၏ ရုပ်အလောင်း များကို ယနေ့ဖေဖော်ဝါရီလ(၂၇)ရက်တွင် သယ်ယူကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ဗိုလ်မိချောင်းအဖွဲ့ထံမှ သိရသည်။

လက်နက်အင်အား မမျှတခြင်းကြောင့် ပေါက်ချိုင်(ပ.က.ဖ)အဖွဲ့မှ ရဲဘော် (၁၅)ဦးကျဆုံးခဲ့ပြီး ယင်းနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားခြင်းကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ ရုပ်အလောင်းများကို သယ်ယူခွင့်မရခဲ့ဘဲ ယနေ့မှသာ သယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်အင်အား မမျှလို့ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ အဖိုးတန်အသက်တွေ သိပ်များနေပါပြီ။ ယူကျုံးမရဖြစ်ရတိုင်း လက်နက်တပ်ဆင်ဖို့အတွက်

ဝိုင်းဝန်းထောက်ပံ့ပေးကြပါ။

ဟု ဗိုလ်မိချောင်းအဖွဲ့ နှင့် ကျားပျံအဖွဲ့က မေတ္တာရပ်ခံတောင်းဆိုထားသည်။

ဖေဖော်ဝါရီလ(၂၅)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးအချက်ပေါင်းများစွာပစ်၍ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာခဲ့ပြီး ပြည်သူ‌(၆)ဦးကို သတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် ပေါက်ချိုင်(ပ.က.ဖ)အဖွဲ့ဝင်များသည် နှမစားရစ်ရွာနှင့် ဇီးဖြူကုန်းရွာမှ တိမ်းရှောင်လာသည့်ပြည်သူများကို အချိန်မှီကယ်တင်နိုင်ရန် သွားရောက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ‌ဇီးဖြူကုန်းရွာ၌ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျဆုံးသွားခဲ့သည့် ရဲဘော်(၁၅)ဦးနှင့်အတူ ပြည်သူ(၆)ဦးအတွက်  အကြမ်းဖက်စီကောင်စီအား သွေးကြွေးဆပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားးသည်။