သပိတ်ကျင်းမြို့နယ်အတွင်း တကောင်း PDF နှင့် စစ်ကောင်စီတပ်သားများ တနေ့တည်း တိုက်ပွဲ (၄)ကြိမ် ဖြစ်ပွား 

သပိတ်ကျင်းမြို့နယ်အတွင်း တကောင်း PDF နှင့် စစ်ကောင်စီတပ်သားများ တနေ့တည်း တိုက်ပွဲ (၄)ကြိမ် ဖြစ်ပွား 

 

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို PDFတပ်ဖွဲ့များက တစ်နေ့တည်း ၄ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ဆူးတောကျေးရွာအားမီးရှို့ပြီး  ကားလမ်းတစ်လျှောက် တက်လာသော တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၈)၏ အင်အား (၁၅၀)ဝန်းကျင်ပါသည့် စစ်ကြောင်းသည် စစ်ကြောင်း (၂)ကြောင်းခွဲပြီး ညောင်ကုန်းရွာသို့ ဝင်နေစဉ် မိုင်း (၂)လုံးဖြင့် ဒုတိယစစ်ကြောင်းအား (၈)နာရီ (၁၀)မိနစ်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် အထိနာပြီး ညောင်ကုန်းရွာမှ ပြည်သူ(၃၀)ကျော်အား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကားလမ်းတစ်လျှောက်အား စစ်ကြောင်းထိုးပိတ်ထားကာ (၁၂)ဘီးကား (၄)စီးဖြင့် တောင်တစ်လုံးရွာအား အင်အားထပ်ဖြည့်စဉ်  အင်ပျံနှင့် တောင်တစ်လုံးကြားတွင် နံနက်(၉)နာရီ မိနစ်(၄၀)အချိန်တွင် မိုင်း(၉)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး နံနက် (၁၀)နာရီခွဲကျော်အချိန်တွင်  စစ်ကောင်စီတပ်သည် မိုးကောင်းဦးဘုရား၊ နောင်လုံသံတံတား စသည့်နေရာတွင် အသီးသီးနေရာယူထားပြီး စတင် ထိတွေ့မှုဖြစ်ကာ တိုက်ပွဲ  (၁)နာရီဝန်းကျင်ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများခဲ့သည်ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။

ထိုနေ့ ည (၉)နာရီခွဲခါနီးအချိန်တွင်လည်း တကောင်းမြို့ထဲမှ ထွက်လာသော ခွေးဘီးလူးကားနှင့် (၆)ဘီးကားတစ်စီးအား မိုင်း( ၂ )လုံးဖြင့် မိုးကောင်းဦးဘုရားနှင့် (၆)မိုင်ရွာကြားတွင် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရပြီး ၂၀၂၃ခုနှစ် မေလ (၆)ရက်နေ့၏ တစ်နေ့တာ တိုက်ပွဲ(၄)ကြိမ်အတွင်း  စစ်ကောင်စီတပ်ဘက်မှ အများအပြားထိခိုက် သေဆုံးကာ ဒဏ်ရာရရှိသွားကြသည်ဟု တကောင် ပကဖက ဆိုသည်။

ပြည်သူများအနေဖြင့် ဘေးကင်းရေးအတွက် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစုများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ပေးစေလိုပြီး စစ်ကောင်စီတပ်နှင့် နီးကပ်စွာနေထိုင်ခြင်း မပြုလုပ်ကြဖို့ တကောင်း ပကဖက သတိပေးထားသည်။