မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် လသားကလေးငယ် အပါအဝင် သုံးဦးသေဆုံး

မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် လသားကလေးငယ် အပါအဝင် သုံးဦးသေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လေကြောင်းအပြင် မင်းတပ်မြို့ အနောက်ဖက် (၂၇၄)တပ်မှလည်း လက်နက်ကြီးဖြင့်ပါပစ်ခတ်ခဲ့ရာ ကလေးတစ်ဦးနှင့် အမျိုးသမီး (၂)ဦးတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူများမှာ (၂)လသားအရွယ် မိန်းကလေးတစ်ဦး၊ အသက်(၃၀)ဝန်းကျင် မိခင် နှင့် အသက်(၆၀)ကျော် အဖွားတစ်ဦးတို့ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတစ်ချို့လည်းရှိကြောင်း သိရသည်။

"လူနေအိမ်(၆)လုံးလောက်ပျက်စီးသွားတယ်။ အဲဒီနေရာက အရပ်သားတွေ နေတဲ့နေရာ။ ဘယ်လို သတင်းတွေရပြီး လေယာဥ်နဲ့အထိ လာရောက်တိုက်ခိုက်သွားတာတော့ မသိပါဘူးခင်ဗျ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် ကျေးရွာစာသင်ကျောင်း အနီးရှိ နေအိမ်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စနေနေ့ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကျောင်းသူ၊ ကျောင်းသားများ ဘေးကင်းခဲ့ရသည်ဟုလည်း ဒေသခံများကပြောသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်လာပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းကလည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် စေတီ၊ ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်(၃)လုံးခန့် ပျက်စီးခဲ့သည်။

#TachileikNewsAgency

Photo : The Mindat Post