စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရ

မွန်ပြည်နယ် သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ မနေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေး (၂)ဦးအပါအဝင် (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ (၇)ရက်နေ့ မနေ့က စစ်ကောင်စီတပ်သည် လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာအတွင်းသို့ လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၃)လုံး ထိခိုက်ပျက်စီး၍ အသက် (၅၆)နှစ်အရွယ် နော်မုလားဖေ(ညာဘက်ခြေသလုံး)၊ အသက် (၁၈)နှစ်အရွယ် နော်မိထူး(ကျောကုန်း)၊ အသက်(၅၇)နှစ်အရွယ် နော်တင်အေး(တင်ပါး)၊ အသက် (၂၅)နှစ်အရွယ် စောကူ(ညာလက်မောင်း)၊ အသက် (၅)နှစ်အရွယ် စောစင်မင်းဦး(ခြေသလုံးနှင့် လည်ပင်း)နှင့် အသက် (၉)နှစ်အရွယ် နော်သ်ကြန်ဖော (နားထင်)တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နော်မုလားဖေ့၊ နော်ဆုဟီး၊ စောမောင်ပေ့ တို့နေအိမ်မှာလည်း လက်နက်ကြီးကျည်စထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ် အမှတ်-(၃၁၄) အမြှောက်တပ်ရင်းသည် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာအနောက်နီးနား ကဇိုင်း/ထီးဖိုးညလိ့(ဒေသအခေါ်ဝေါ်)တွင် တပ်စွဲထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo : KNU-Doo Tha Htu District