စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သီလုံးကျေးရွာမှ ပျူစောထီး ကင်းစခန်းများအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းနှင့် မြေပြင်စစ်ကြောင်းတို့ဖြင့် သွားရောက်တိုက်ခိုက်ကြောင်း Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။
ရွှေဘိုမြို့နယ် သီလုံးကျေးရွာမှ ပျူစောထီးများ၏ ကင်းစခန်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက် (၁၁)နာရီခွဲတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့ ည (၇)နာရီကျော်တွင် ပျူစောထီးများ ကင်းယူနေသည့် ရွာမကြီး တောင်ဘက်အထွက် ကင်းဘန်ကာနှင့် ပြည်သူ ခင်မောင်စိုး နေအိမ်တွင် အထိုင်ချ ဆောက်လုပ်ထားသည့် ကင်းဘန်ကာတို့အား တော်လှန်ရေးတပ်ဖွဲ့များမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်သားနှင့် ပျူစောထီး တချို့ ပန်းရံကျေးရွာ ပျူစောထီးစခန်းသို့ ထွက်ပြေးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု သတင်းအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Snake Eyes ပျံလွှား Drone ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း အမှတ်(၄)၊ တောင်သူလွတ်မြောက်ရေးအင်အားစု(FIF)၊ စွန်ရဲရွှေဘို ဒေသခံအဖွဲ့ ၊ ဒေါင်းစစ်သည်အဖွဲ့၊ HG FIGHTER၊ EYE FOR EYE၊ shwebo Federal Army နှင့် ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Shwebo Crocodile