ငလျင်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့တွင် ပိတ်မိပြီး သေဆုံးသူများကို ရှာဖွေမှုနှင့်အတူ ရှင်းလင်းရေးပါ လုပ်ဆောင် 

ငလျင်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့တွင် ပိတ်မိပြီး သေဆုံးသူများကို ရှာဖွေမှုနှင့်အတူ ရှင်းလင်းရေးပါ လုပ်ဆောင် 

ငလျင်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့ကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့မှစ၍ ရှင်းလင်းရေးများ စတင်လုပ်ဆောင်နေပြီဟု ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် (၃)ရက်ကျော်အကြာတွင် ရှင်းလင်းရေးကို စတင်လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်နေသေးသည်ဟု ဆိုသည်။

“ရှင်းလင်းရေး လုပ်နေတယ်ဗျ။ ကယ်ဆယ်ရေးကတော့ ဒီအချိန်မှာ အသက်ရှင်တဲ့သူကတော့ ဘယ်သူမှ မရှိတော့ဘူး။ ရှင်းလင်းရေးပဲ လုပ်နေတာပေါ့။ အခုလောလောဆယ်တော့ အလောင်းတွေကို ထုတ်နေပါတယ်။”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကိုင်းမြို့သည် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မြို့၏(၈၀)ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီး သေဆုံးသူများသည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်များက Tachileik News Agency ကိုပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ အ.ထ.က(၁)၊ စွယ်တော်နန်းတည်းခိုခန်းတို့ ပြိုကျသည်။

ထို့အပြင် တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်တို့လည်း ပြိုကျသည်။

ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နှင့် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့ လည်း ပြိုကျကာ ပိတ်မိနေသူအများအပြားရှိခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မတ်လ(၃၀)ရက်နေ့ ထုတ်ပြန်ချက်အရ အဆိုပါနေရာများမှ (၃၆)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ(၈၈)ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

မတ်လ(၃၀)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြတ်ကိုယ်ပိုင်ကျောင်း အဆောက်အဦး ပြိုကျပျက်စီး၍ ပိတ်မိနေသူများထဲမှ အသက်ရှင်လျက်(၄)ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ(၁)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ ရှိခဲ့သည်ဟု သိရသည်။  

ယင်းနေ့တွင်ပင် စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် အဆောက်အဦးပြိုကျမှုအတွင်း ပိတ်မိနေသူများထဲမှ သီလရှင်(၁)ပါးအား အသက်ရှင် လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သီလရှင်(၃)ပါး၏ ရုပ်အလောင်း ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်၊

ထို့အပြင် ယင်းနေ့တွင်ပင် စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် အဆောက်အဦပြိုကျမှုတွင် ပိတ်မိနေသူများထဲမှ သေဆုံးသူ(၂)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဖော်ပြချက်အရ စစ်ကိုင်းမြို့တွင်   (၄၂)ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး (၉၃)ဦး သေဆုံးသည်ဟု သိရသည်။

ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းမှာ  ပြိုကျသွားပြီး တံတားသစ်မှာလည်း ချဉ်းကပ်လမ်းနှင့် တိုင်များ ကွဲအက်သွားသဖြင့် တန်ပိုယာဉ်များကို ဖြတ်သန်းခွင့်မပြုဟု သိရသည်။

ယနေ့တွင် စစ်ကိုင်းမြို့တွင်းသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ပညာရှင်များ၊ ကရိန်းကားများ ရောက်ရှိလာပြီး ရှင်းလင်းရေးနှင့် ရှာဖွေရေးများ လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီ၏ ယမန်နေ့အထိ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာအရ ငလျင်ကြောင့် သေဆုံးသူ (၁,၇၀၀)ဦး၊ ဒဏ်ရာရ(၃,၄၀၀)ဦးနှင့် ပျောက်ဆုံး(၃၀၀)ဦးတို့ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ယင်းထက်များနေ၍ စစ်ကောင်စီ၏ သေဆုံးမှု ထုတ်ပြန်စာရင်းမှာ မမှန်ဟုလည်း ပြည်သူများက သတ်မှတ်ထားကြသည်။

#TachileikNewsAgency

Photo:Internet