ပေါက်မြို့နယ်တွင် ကင်းအတူစောင့် စစ်ကောင်စီတပ်သားထံမှ လက်နက်ခဲယမ်းများယူဆောင်ကာ ပျူစောထီး တစ်ဦးအလင်းဝင်လာ

ပေါက်မြို့နယ်တွင် ကင်းအတူစောင့် စစ်ကောင်စီတပ်သားထံမှ လက်နက်ခဲယမ်းများယူဆောင်ကာ ပျူစောထီး တစ်ဦးအလင်းဝင်လာ

မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားကျေးရွာ ပျူစောထီးစခန်းမှ ပျူစောထီးတစ်ဦး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား၏ လက်နက်ကိုယူဆောင်ကာ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် အလင်းဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇီးပြားရွာ ပျူစောထီးစခန်းမှ ရဲမြတ်စိုး သည် မြိုင်-ပေါက် ပကဖအဖွဲ့များထံ ချိတ်ဆက်၍ အတူကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားထံမှ လက်နက်ကိုယူဆောင်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် M4 Carbine အမျိုးအစား သေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု၊ ကျည် (၆၃)တောင့်၊ ကာဘိုင်ကျည် (၄)တောင့်၊ လက်ပစ်ဗုံး (၂)လုံး၊ (၆၀)မမ အဖူး (၁)ဖူးနှင့် ဟန်းဖုန်း (၁)လုံးတို့ကို ယူကာ မြိုင်နှင့် ပေါက်မြို့နယ် ပကဖထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြိုနယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာများအား မြိုင်-ပေါက် ပူးပေါင်းကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် စစ်ကြောင်းဝင်ရောက်မှု နည်းပါးလာပြီး ဝင်ရောက်လာသော စစ်ကြောင်းများအား ပူးပေါင်းတိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြို့နယ် ဇီးပြား (ပျူစောထီး)ကျေးရွာနှင့် တရော်ကိုင်း (ပျူစောထီး)ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများအား ကျေးရွာအပြင်ဘက်သို့ထွက်ခွာလျှင် အသေပစ်ခတ်တိုက်ခိုက်မည်ဖြစ်ပြီး ချိတ်ဆက်၍ လက်နက်ဖြင့် အလင်းဝင်ရောက်လာပါက ကောင်းမွန်စွာထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်ဟုဆိုသည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ဇီးပြားရွာနှင့် တရော်ကိုင်းရွာများမှ ပျူစောထီးအများအပြားအလင်းဝင်လာကြပြီး  ဝင်ရောက်လာသူများအား ထိန်းချုပ်နယ်မြေနေရာများသို့ လုံခြုံရေးတင်းကြပ်စွာဖြင့် ကောင်းမွန်စွာ ကျွေးမွေးထားသည်ဟု ဆိုသည်။ 

အလင်းဝင်လာသူကို ထိန်းချုပ်နေရာသို့ ပိုဆောင်ခဲ့ပြီး တော်လှန်ရေးအရှိန်မြှင့်တင်နေသည့်အတွက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက်သို့ အလင်းဝင်ကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ