တမူး - ကလေး အာရှလမ်းမကြီးပေါ်တွင် ဘိန်းဖြူများကို ပြည်သူ့ကာကွယ်ရေးတပ် ဖမ်းဆီးရမိ

Photo: People's Defense Force Tamu တပ်ရင်း ၃
Photo: People's Defense Force Tamu တပ်ရင်း ၃
တမူး - ကလေး အာရှလမ်းမကြီးပေါ်တွင် ဘိန်းဖြူများကို ပြည်သူ့ကာကွယ်ရေးတပ် ဖမ်းဆီးရမိ
ဇူလိုင် 6, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး - ကလေး အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ(၄)ရက်နေ့က ပီနံအိတ်(၃)လုံးဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူ(ဆပ်ပြာခွက်)များအား ဖမ်းဆီးရမိသဖြင့် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃) က ဇူလိုင်လ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တမူးမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင်  ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၃)တပ်ဖွဲ့ဝင်များက စစ်ဆေးမှုပြုလုပ်နေချိန် ကလေးမြို့မှ တမူးမြို့ဘက်သို့ မောင်းနှင်လာသည့် (၆)ဘီး Canda ကားတစ်စီးကို စစ်ကောင်စီထုတ်ကုန်များ တင်ဆောင်လာခြင်းရှိ၊ မရှိ တားဆီးစစ်ဆေးရာက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကုန်ပစ္စည်းများ တင်ဆောင်လာ၍ မောင်းနှင်လာစဉ် တပ်ဖွဲ့ဝင်များမှ ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကားနောက်ပိုင်းအတွင်း ကုန်ပစ္စည်းများကြား၌ သိုဝှက်သယ်ဆောင်လာသော ပီနံအိတ်ဖြူ သုံးလုံးဖြင့် ဘိန်းဖြူ (ဆပ်ပြာခွက်) အများအပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။"ဟု ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၃)မှ အများပြည်သူရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း မူးယစ်ဆေးဝါးလုပ်ငန်းများ၊ ရွှေမှောင်ခိုလုပ်ငန်းများ၊ တရားမဝင် ငွေမဲမှောင်ခိုလုပ်ငန်းများ၊သစ်မှောင်ခိုလုပ်ငန်းများအား ဆက်လက်၍ ဖမ်းဆီးအရေးယူမည်ဟု ထုတ်ပြန်ထားသည်။