ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်း ရုတ်တရက် ရေကြီးမှုကြောင့် အိမ်ခြေ(၂၀၀)ဝန်းကျင် ရေစီးနှင့်အတူ မျောပါသွားပြီး အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်း ရုတ်တရက် ရေကြီးမှုကြောင့် အိမ်ခြေ(၂၀၀)ဝန်းကျင် ရေစီးနှင့်အတူ မျောပါသွားပြီး အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ရုတ်တရက်ရေကြီးမှုကြောင့် အိမ်ခြေ ( ၂၀၀ ) ခန့် ရေစီးနှင့် အတူမျောပါသွားခဲ့ပြီး ဒေသခံအမြောက်အများက အကူအညီများ လိုအပ်နေကြောင်း မင်းပြားဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ( ၁၄ ) ရက်နေ့မှ စတင်ပြီး ရုတ်တရက်ရေကြီးမှုအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ကျေးရွာ ( ၈ ) ရွာမှ အိမ်ခြေ ( ၂၀၀ ) ရွာခန့် ရေစီးနှင့်အတူမျောပါ ပျက်စီးခဲ့ကာ ဒေသခံပေါင်း ထောင်နှင့်ချီ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

"ရေကြီးတာက မထင်မှတ်သလိုမျိုး ကြီးသွားတာ၊ သူတို့လည်း ဘာမှမထင်မှတ်လိုက်ဘူး ။ ရေက ဝေါခနဲပဲ ။ ရေကာတာဖွင့်သလိုမျိုး ဖြစ်သွားတယ်တဲ့။ တချို့လူတွေဆို ကိုယ်တထည် ၊ အဝတ်တထည်နဲ့ ဖြစ်ကုန်တယ်။ လက်ရှိ ခက်ခဲတာတော့ အမိုး မရှိဘူး။ ငှက်ပျောရွက်တွေ ၊ ဝါးရွက်တွေ မိုးပြီးနေနေရတယ်”ဟု မင်းပြားမြို့နယ်မှ ဒေသခံတဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် ပြောသည်။

မင်းပြားမြို့နယ်အတွင်းရှိ လတ်တလော သိရှိရသလောက် အချက်အလက်များအရ နတ်ထောက်ရွာဟောင်း မှ အိမ်ခြေ (၅၃)အိမ် ၊ ကျေးမကျေးရွာမှ အိမ်ခြေ (၃၂)အိမ်၊ ကိုင်းကြီးရွာမှ အိမ်ခြေ(၄)အိမ်၊ ပြင်းဝ ကျေးရွာမှ အိမ်ခြေ - (၂၈)အိမ် ၊ ဇိုင်ချောင်းမှ အိမ်ခြေ (၉)အိမ် ၊ သရက်အုပ်မှ အိမ်ခြေ (၁၇)အိမ် ၊ အထက် ခချီးမြောင်မှ အိမ်ခြေ(၁၂)အိမ် နှင့် အောက် ခချီးမြောင်မှ အိမ်ခြေ ( ၁၆ )အိမ်တို့ ရေစီးနှင့်အတူ မျောပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရေနစ်မြုပ်နေသည့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ ရရှိခြင်းမရှိဘဲ ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ရောက်ရှိခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

"ဖုန်းပြောရမယ်ဆို ရက်ချိန်းတွေ ၊ နာရီချိန်တွေနဲ့ အသေအချာချိန်းပြီးမှ စကားပြောရတယ် ၊ တောင်ပေါ်တွေကို တက်ပြီးမှ သုံးနာရီ၊ လေးနာရီလမ်းလျှောက်ပြီးမှ ဖုန်းပြောရတဲ့အခြေအနေတွေမို့လို့ တခြားဒေတာ အချက်အလက်တွေတော့ မရနိုင်ဘူး။ ကျန်တဲ့ရွာတွေ အဆက်အသွယ်မရတဲ့ ရွာတွေလည်းရှိနေတယ်။” ဟု မင်းပြားမြို့နယ်မှ ဒေသခံတဦးက Tachileik News Agency သို့ပြောသည်။

မင်းပြားမြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပြီး လေးမြို့မြစ်သည် မင်းပြားမြို့အနီးမှ မြောက်မှ တောင်သို့ ဖြတ်၍ စီးဆင်းလျှက်ရှိကာ ၊ မင်းပြားမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလ ( ၃၀ ) ရက်နေ့ ဒေသဆိုင်ရာ အချက်အလက်များ စုစည်းမှုအရ ကျေးရွာအုပ်စု ( ၆၂ ) စုတွင် ကျေးရွာပေါင်း ( ၂၄၆ ) ရွာရှိပြီး လူဦးရေ ( ၂ ) သိန်းနီးပါး နေထိုင်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ မြန်မာပြည်အတွင်း လူဦးရေ ထောင်နှင့်ချီ၍ သေဆုံး၊ပျောက်ဆုံးခဲ့ပြီး ၊ ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ ( ၇ ) သိန်းခန့် ထိခိုက်နိုင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ အသိပေးထားသည်။

 

Photo: Salai Aung Yar Linn