လေယာဉ်ပစ်လက်နက်များ ပိုင်ဆိုင်ထားပြီဖြစ်သဖြင့် မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီဟု PDAဆို

လေယာဉ်ပစ်လက်နက်များ ပိုင်ဆိုင်ထားပြီဖြစ်သဖြင့် မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီဟု PDAဆို

လေယာဉ်ပစ်လက်နက်များလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် မြို့သိမ်းတိုက်ပွဲများအတွက် ပြင်ဆင်နေပြီဟု People Defence Army-PDA က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

PDA၏ လှုပ်ရှားမှုနယ်မြေတွင် မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကာ လေကြောင်းရန်ကို ကာကွယ်ရန် လေယာဉ်ပစ်လက်နက်များလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာရန်လိုကြောင်းလည်း သတိပေးထားသည်။

“အတိကျပြောလို့မရသေးပါဘူး။ အကုန်ထုတ်ဖော်ပြောပြလို့ အဆင်မပြေသေးလို့ အသေးဆုံး လက်နက်ကို ထုတ်ပြတာပါ။ အဓိကထားတာ မြို့လေးမြို့ရှိပါတယ်။ ခုလောလောဆယ် အတိကျပြောပြလို့ မရနိုင်သေးလို့ပါ။ ပြည်သူများဘက်မှ ကြိုတင်ပြင်ဆင်နိုင်ဖို့ပါ။” PDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိအချိန်သည် တော်လှန်ရေးသမားများက ပြည်သူ့အသံကို နားထောင်နေရမည့် အချိန်မဟုတ်ဘဲ ပြည်သူများက တော်လှန်ရေးသမားများ၏အသံကို နားထောင်ရမည့်အချိန်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ မြို့ထဲမှာလာမပစ်ပါနဲ့ ပြောရမယ့် အချိန်မဟုတ်ပါဘူး။ မြို့ထဲလာပစ်ရင် ကျွန်တော်တို့ ဘယ်လို အသက်အန္တရာယ်ကို ကာကွယ်ရမလဲဆိုပြီး မေးရမယ့်အချိန်ပါ။ ကြိုတင်ပြင်ဆင်ဖို့ လိုနေပြီဆိုတာ ပြောပြတဲ့သဘောပါဗျ။ ကျွန်တော်တို့ဘယ်ကလဲဆိုတာက အရေးမကြီးပါဘူး။ တိုင်းရင်းသား နယ်ထဲလည်းဖြစ်နိုင်ပါတယ်။”ဟု ၎င်းကပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကိုလည်း ခွင့်လွှတ်မည်မဟုတ်ဘဲ နှုတ်ထွက်ကြရန် သတိပေးထားသည်။

“လစာကိုရင်းပြီး တော်လှန်တဲ့လူတွေနေရာမှာ ဘာခံစားချက်မှမရှိတဲ့ အစားထိုးဝန်းထမ်းများကို ပြောချင်တာပါ။ စစ်ကောင်စီကို တိုက်ထုတ်ရာမှာ ဆူးခလောက်ဖြစ်တဲ့ မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ သတင်းပေး လူပုဂ္ဂိုလ်ဖြစ်စေ  ကျွန်တော်တို့ဘက်က မည့်သည့်အကြောင်းကြောင့်မှ သနားမှာမဟုတ်ဘူး။”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် လက်နက်သံကြားပါက အိမ်အတွင်းပုန်းမနေကြရန်၊ ဗုံးခိုကျင်းများတူးထားရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency