KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်သွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၉)ဦး သေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU–Mutraw News မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မူတြော်ခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း (၁၃၆)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ဘက်ဆိုင်ရာ အဆောက်အဦး (၁၉)ခု ဖျက်ဆီးနိုင်ခဲ့ကာ စစ်မော်တော်ယာဉ်တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မူတြော်ခရိုင်အတွင်း စစ်ကောင်စီ၏ စစ်ဗျူဟာအရ အရေးပါသည့် စခန်းတခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီမှ တစ်လတာအတွင်း လေကြောင်းဖြင့် ဗုံးသီး (၃၆၉)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပစ် စက်သေနတ်ဖြင့်လည်း အမြောက်အများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တစ်လတာအတွင်း စစ်ကောင်စီမှ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် (၄၄)လုံး ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများကြောင့် ဒေသခံ (၃) ဦး သေဆုံးခဲ့ကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် (၉)လုံး ၊ ဘုရားကျောင်းတဆောင် ၊ ကျောင်းထမင်းစားဆောင် တဆောင် ၊ မူကြိုကျောင်း တကျောင်း ၊ မူလတန်းကျောင်း တကျောင်း ၊ ကျောင်းဘော်ဒါတဆောင်နှင့် လယ်ယာစိုက်ခင်းများ နှင့် ကောက်ပဲသီးနှံများ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
#TachileikNewsAgency
Photo: KNU–Mutraw News