ဂန့်ဂေါမြို့နယ် ကုက္ကားပျူစောထီးရွာမှ ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ YPDF တပ်ဖွဲ့ထံ အလင်းဝင်

ဂန့်ဂေါမြို့နယ် ကုက္ကားပျူစောထီးရွာမှ ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ YPDF တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ကုက္ကားပျူစောထီးရွာမှ ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အဖွဲ့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် ကုက္ကားပျူစောထီးရွာမှ ပြည်သူ့စစ်တစ်ဦးသည် သြဂုတ်လ (၇)ရက်နေ့ မနက်ပိုင်းတွင် လက်နက်ခဲယမ်းများနှင့်အတူ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့ထံ ရှေ့တန်းနယ်မြေသို့ လာရောက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေ့တန်းကင်း (ကမ်းပါးနီစခန်း) သို့ သွားရောက်ရမည် ဖြစ်သည့်အတွက် မသွားချင်သည့်အတွက် ထွက်ပြေးလာခြင်းဖြစ်ပြီး မမျှတသည့်အုပ်ချုပ်မှုအခြေအနေ၊ ဆင်းရဲငတ်မွတ်မှုများကို မခံစားနိုင်တော့သဖြင့် ထွက်ပြေး အလင်းဝင်ရောက်ရခြင်းဖြစ်သည်ဟု ပြည်သူ့စစ်မှ ထွက်ဆိုကြောင်း YPDF အဖွဲ့က ဆိုသည်။

အဆိုပါ အလင်းဝင် ပြည်သူ့စစ်သည် ၎င်းနှင့်အတူ စစ်ကောင်စီထုတ် G3 အမျိုးအစား သေနတ် (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ၇.၆၂ ကျည် (၁၅၀) တောင့်တို့ကို ယူဆောင် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ပြည်သူ့စစ်အား ဖမ်းဆီးရန်အတွက် အင်အား (၁၀)ဦးခန့်ပါရှိသည့် ပျူစောထီးများသည် လက်နက်ကိုယ်စီဖြင့် YPDF တပ်ဖွဲ့ လှုပ်ရှားသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး ၊ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့နောက် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် ပျူစောထီးများအနေဖြင့် ဆင်းရဲကြပ်တည်းစွာ အသက်ရှင်နေရမည့်အစား လူကိုလူလိုတန်ဖိုးထားသော နီးစပ်ရာ တော်လှန်ရေးအဖွဲ့များသို့ အမြန်ဆုံး အလင်းဝင်ရောက်ကြပါရန် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က တိုက်တွန်းထားသည်။

#TachileikNewsAgency