ထိုင်းတွင် ဖမ်းမိသည့် မြဝတီဘက်မှ မူးယစ်ဆေးများနှင့် လုံးဝ ပတ်သက်ဆက်စပ်မှု မရှိကြောင်း  KNLA သတင်းထုတ်ပြန်

ထိုင်းတွင် ဖမ်းမိသည့် မြဝတီဘက်မှ မူးယစ်ဆေးများနှင့် လုံးဝ ပတ်သက်ဆက်စပ်မှု မရှိကြောင်း  KNLA သတင်းထုတ်ပြန်

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးရမိသည့် မြဝတီဘက်မှ သယ်လာသော မူးယစ်ဆေးများနှင့် ပတ်သက်ပြီး လုံးဝ ပတ်သက်ဆက်စပ်မှု မရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNU/KNLA က  သတင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟို စစ်ဦးစီးဌာနချုပ်က ၂၀၂၅ ခုနှစ် မတ်(၂၅)ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် မတ်လ (၂၁)ရက်နေ့က KNU/KNLA သည် တော်လှန်ရေးသမိုင်းတလျှောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကင်းရှင်းစွာ ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ယင်းကိစ္စအပြင် KNU/KNLA အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်ဖောက်ကားခြင်းများကို လုံးဝအားပေး ထောက်ခံခြင်းမရှိဘဲ ဆန့်ကျင်ရှုတ်ချပြီး ၎င်းတို့နယ်မြေအတွင်း မူးယစ်မှုများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူကြောင်း သဘောထား ထုတ်ပြန်သည်ဟု ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့သို့ ပုဂ္ဂလိက ဆိပ်ကမ်းမှတစ်ဆင့် ကရင်ပြည်နယ် မြဝတီဘက်မှ မူးယစ်ဆေးများသယ်လာသည့် ကုန်တင်ယာဉ်တစ်စီးကို နခွန်စဝမ်မြို့ အဝေးပြေးလမ်းတွင် မတ်လ (၂၁)ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးများမှာ  ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)မှ  ဗိုလ်ချုပ်စောဆန်းအောင်နှင့် ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့နှင့် ဆက်စပ်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြခဲ့ပြီး ဗိုလ်ချုပ်စောဆန်းအောင်ကမူ  KIC သတင်းဌာနမှ တစ်ဆင့် ယင်းကိစ္စအား ငြင်းဆိုထားသည်။

ထိုင်းဘက်တွင် ယင်းမူးယစ်ဆေးဖမ်းမိသည့်ကိစ္စကြောင့် ကုန်တင်ကားဝင်လာခဲ့သည့် ပုဂ္ဂလိကဆိပ်ကမ်းအား ပိတ်လိုက်သည့်အပြင် ဒေသတွင်း အခြားကုန်သွယ်ရေးဆိပ်ကမ်းများမှ ကုန်တင်ယာဉ်များ ကူးသန်းသွားလာခြင်းကို ထိုင်းဘက်က ကန့်သတ်လိုက်သည်။

#TachileikNewsAgency