ဝမ်းတွင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူ(၁၁)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ခြိမ်းခြောက် ဖမ်းဆီး

ဝမ်းတွင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူ(၁၁)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ခြိမ်းခြောက် ဖမ်းဆီး
နိုဝင်ဘာ 26, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများမှ (၁၁)ဦးကို အာဏာသိမ်းစစ်တပ်နှင့် ရဲတို့က တစ်နေ့တည်းတွင် အကြောင်းမဲ့  ခြိမ်းခြောက် ဖမ်းဆီးသွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့က တစ်နေ့တည်း ဖမ်းဆီးခံရသူများမှာ မကျီးစုရပ်ကွက်မှ ဓါတ်ပုံဆရာ ကိုမောင်မြင့်နှင့် လူငယ်(၂)ဦး၊ ထီးလှိုင်အနောက်ရွာမှ ကိုဟုတ်ကီ နှင့် ကိုဆန်းဝင်း၊  ဒါးလှကျေးရွာမှ တစ်ဦး နှင့် ရွာတန်းကျေးရွာမှ တစ်ဦး အပြင် ထီးလှိုင်အနောက်ရွာမှ ကျောင်းဆရာတစ်ဦးတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ယင်းအပြင် မြောက်ဇောင်ဂျမ်းကုန်းကျေးရွာမှ  ကိုအောင်မျိူး၊ ကိုကျော်ဦး နှင့် မမော် တို့ကိုလည်း အဖမ်းမခံပါက နေအိမ်ကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ ဖမ်းဆီးသွားသည်ဟု သိရသည်။

 

ဖမ်းဆီးခံရသူ အများစုမှာ ယခင်က NLD ပါတီကို ထောက်ခံသူများသာဖြစ်သော်လည်း မည်သည့် အဖွဲ့အစည်းများနှင့် ပါဝင် ပတ်သက်ခြင်းမရှိသူများ ဖြစ်ကြောင်း သိရသည်။

 ဝမ်းတွင်းမှာ အတော်ဆိုးနေတယ်။ ငွေညှစ်ချင်လို့ အခုလို ခြိမ်းခြောက်ဖမ်းဆီးနေတာဖြစ်မယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။  

ဝမ်းတွင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ကို မထောက်ခံသူများသည် PDF နှင့် ပတ်သက်မှုရှိသည်ဟု စွတ်စွဲကာ ခြိမ်းခြောက် ဖမ်းဆီး ငွေညှစ်မှုများပြုလုပ်သည့်အပြင် ကျေးရွာများအတွင်း၌လည်း စစ်အင်အားဖြင့် အကြမ်းဖက်မှုများ မကြာခဏ လာရောက် လုပ်ဆောင်သည်ဟုလည်း သိရသည်။