သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 

သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သထုံမြို့နယ်အတွင်း သြဂုတ်လ (၁၇) ရက်နေ့ မနက် (၅) နာရီခွဲအချိန်ခန့်တွင် ဘီးလင်း မြင်သာတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီ (ခလရ-၈) တပ်ရင်း လက်နက်ကြီးကုန်းမှ လက်နက်ကြီး (၄)လုံး ပစ်ခတ်ရာ ဒေါက်ရပ်ကျေးနယ်ရှိ တောင်ကလေးရွာနှင့် ရွှေအင်ဒုံရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးကာ ၊ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၁၇)ရက်နေ့ မနက် (၅) နာရီ (၂၀) မိနစ်ခန့်တွင် တောင်ကလေးရွာအနီး မစောတံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် တောင်ကလေးရွာမှ ဒေသခံတဦး စစ်ကောင်စီမှ ပစ်ခတ်သည့် သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်း ဒေသခံ (၉၅,၂၇၃) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo:KNU