သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များ ထိခိုက်ပျက်စီး

သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များ ထိခိုက်ပျက်စီး

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် (၆)လုံး ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့ နေ့လယ် (၁) နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ အမတ(၃၁၄) နှင့် ခလရ(၈) တပ်ရင်းတို့မှ လက်နက်ကြီး (၉) လုံး ပစ်ခတ်ရာ ဒေါင်းရွာ၌ လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၂)ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ကလေးရွာအတွင်း၌လည်း လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲပြီး တောင်ကလေးရွာမှ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ် အမတ(၄၀၂)တပ်ရင်း စခန်းမှ ညနေ (၄)နာရီတွင် လက်နက်ကြီး (၂)လုံး၊ ည (၉)နာရီ (၂၁)မိနစ်တွင် လက်နက်ကြီး (၄)လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်အတွင်း ဒေသခံ (၉၅,၂၇၃)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo : KNU