တိုက်ပွဲများအတွင်း ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကိုချောင်းသာနှင့် ငပလီကမ်းခြေပို့၍ စည်းရုံးနေရ

တိုက်ပွဲများအတွင်း ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကိုချောင်းသာနှင့် ငပလီကမ်းခြေပို့၍ စည်းရုံးနေရ

အာဏာသိမ်းစစ်ကောင်စီသည် တိုက်ပွဲများအတွင်း ဒဏ်ရာရသည့် တပ်သားများကို ချောင်းသာနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီး ပို့ဆောင်ပေး၍ ၎င်းတို့အတွက် ရှေ့တန်းထွက်ရန် စည်းရုံးနေရကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရပြီး ဆေးရုံ၊ ဆေးခန်းများတွင်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် အရာရှိ၊ တပ်သားများကို ချောင်းသာနှင့် ငပလီကမ်းခြေများသို့ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ယနေ့ဇွန်လ(၁၂)ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်ဟု စစ်ကောင်စီဘက်က ဆိုသည်။

ချောင်းသာကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ တပ်သားများကို ချောင်းသာ အပန်းဖြေဧည့်ရိပ်သာတွင်ထားပြီး ငပလီကမ်းခြေသို့ ရောက်ရှိလာသူများကို ငပလီမြို့ အပန်းဖြေစခန်း(လင်းသာ)၌ ထားသည်ဟု သိရသည်။

"အရင်ကတော့ မရှိဖူးပါဘူးခင်ဗျ။ တပ်တွင်းစည်းရုံးရေးကို လုပ်တယ်လို့တော့ ထင်ပါတယ်။ ဒီအချိန်က တပ်တွင်းစည်းရုံးရေးလည်း ထိခိုက်နေတဲ့အချိန်ဆိုတော့ ဟန်ပြသဘောမျိုးပဲ လုပ်တဲ့သဘောမျိုးလို့ပဲ မြင်ပါတယ်။ စိုးရိမ်မှုကတော့ ကြီးကြီးမားမားရှိနေပြီလို့ ပြောလို့ရတယ်ပေါ့နော်။ အဓိက အခုနောက်ပိုင်း တိုက်ပွဲတွေမှာ အညံ့ခံတာတွေ၊ လက်နက် ဆုံးရှုံးမှုတွေကလည်း တဖြေးဖြေးများလာတယ်။ ဒီလိုအခြေအနေကြောင့်ပေါ့နော် ဒီလိုမျိုးပုံစံနဲ့ တပ်တွင်းစည်းရုံးရေးလုပ်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။"ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က Tachileik News Agencyကို ပြောသည်။

အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် (၂)နှစ်ကျော်ကြာ နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများသည် စစ်ပန်းလာသဖြင့် ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်း၊ တိုက်ပွဲအတွင်းသေဆုံးခြင်းများကြောင့် အင်အားချိနဲ့လာချိန်တွင် စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားများကို စစ်တပ်မှမထွက်သွားစေရန် ယင်းသို့ပြုလုပ်နေရခြင်းဖြစ်သည်ဟု CDMတပ်မတော်သားများက ပြောဆိုသည်။

"အရင်တုန်းကဆိုရင် ခြေပြတ်လက်ပြတ် ဒဏ်ရာရစစ်သည်တွေကို ခေါင်းဆောင်ပိုင်းက ဂရုမစိုက်ကြဘူး။ အခုနောက်ပိုင်းကျတော့ သူတို့တပ်မှာ အင်အားနည်းလာတာကြောင့် ပေးမထွက်ဘဲ နောက်တန်းမှာ ကင်းစောင့်ခိုင်းတာမျိုးတွေလုပ်လာတယ်။ လစာပေးထားပြီး ဆက်ခန့်ချင်တဲ့သဘောပေါ့။ တပ်ထဲကကို ဝင်မယ့်သူတွေ အရမ်းနည်းလာတာကြောင့် လက်ရှိစစ်သည်တွေက ခြေပြတ် လက်ပြတ်ဖြစ်ရင်တောင် ပြန်ပြီးတာဝန်ထမ်းဆောင်ကြရမယ့် သဘောဖြစ်လာတယ်။ နောက်တန်းမှာလည်း အင်အားမရှိတာကြောင့် ခြေပြတ် လက်ပြတ်ဖြစ်ပေမယ့် မသေသေးဘူးဆိုရင် သေတဲ့အထိ ဆက်ပြီးခိုင်းတယ်။ ခြေပြတ်တဲ့လူကျတော့လည်း ဘာမှလုပ်စားမရတော့မယ့်အတူတူ စားဖို့ နေဖို့နဲ့ လစာရဦးမယ်ဆိုတော့ ဆက်လုပ်နေရတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။"ဟု CDM ဗိုလ်ကြီး ညီသုတက Tachileik News Agencyကိုပြောသည်။

အမေရိကန် ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု(USIP)မှ ဧည့်သုတေသီ ကိုရဲမျိုးဟိန်းက မေလတွင် ထုတ်ပြန်သည့် သုတေသနတွင် စစ်ကောင်စီတပ်သည် တပ်သားမလုံမလောက်သော အခြေအနေမှ အင်အားချိနဲ့သော အခြေအနေသို့ ရောက်နေသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် တိုက်ပွဲအတွင်း သေ ဆုံးသူ(၁၃,၀၀၀)၊ ဘက်ပြောင်းသူနှင့် ထွက်ပြေးသူ(၈,၀၀၀)ကျော်၊ စုစုပေါင်း အင်အား (၂၁,၀၀၀)ခန့် ဆုံးရှုံးထားကြောင်း ဖော်ပြထားသည်။

#TachileikNewsAgency