အာဏာသိမ်းအဖွဲ့အား ပူးပေါင်းကူညီမည့် ပါတီပေါင်း (၂၈)ပါတီ၏ သဘောထားထုတ်ပြန်ချက် “ဝ”အမျိုးသားပါတီနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

အာဏာသိမ်းအဖွဲ့အား ပူးပေါင်းကူညီမည့် ပါတီပေါင်း (၂၈)ပါတီ၏ သဘောထားထုတ်ပြန်ချက် “ဝ”အမျိုးသားပါတီနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်
သြဂုတ် 6, 2021 | နိုင်ငံရေး

အာဏာသိမ်းအဖွဲ့အား ထောက်ခံပြီး ပူးပေါင်းကူညီမည်ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး နိုင်ငံရေးပါတီ (၂၈)ခုမှ ထုတ်ပြန်ချက်တွင် “ဝ”အမျိုးသားပါတီ ဥက္ကဌက ပါတီ၏ သဘောထားမပါဘဲ လက်မှတ်ရေးထိုးခြင်းအား ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အဆိုပါ လုပ်ရပ်မှာ ပါတီနှင့် မသက်ဆိုင်ကြောင်း ပါတီ ဗဟိုဌာနချုပ်က ဩဂုတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကြောင့် ပါတီအပေါ်ထားရှိသည့် ပြည်သူလူထု၏ယုံကြည်မှုကို ထိခိုက်စေသည်ဟု ပါတီဗဟိုဌာနချုပ်က သဘောထားထုတ်ပြန်သည်။

(၂၈) ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်က ပါတီဗဟိုကော်မတီဝင်များကို ကြိုတင်အသိပေးခြင်း၊ သဘောထားရယူခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ လုံးဝမပြုလုပ်ခဲ့ခြင်းမှာ ပါတီ၏စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိဟု ပါတီဘက်က ထုတ်ပြန်ထားသည်။

ပါတီပေါင်း (၂၈) ပါတီ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းအဖွဲ့က ကျင်းပပေးမည့် ရွေးကောက်ပွဲအား ကြိုဆိုပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ပူးပေါင်းကူညီကြမည်ဟု ဆိုထားသည့်အပြင် လတ်တလော အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်လည်း လူအား၊ ပစ္စည်းအား၊ ငွေအားဖြင့် ပူးပေါင်းကူညီမည်ဟု ဆိုထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အခြေခခံလူတန်းစာဘဝမြင့်မားရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်သူ့အင်အားပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ဝ အမျိုးသားပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ၊ လူထုပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ ဗမာပြည်သူ့ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့က စုပေါင်း၍ သဘောထားထုတ်ပြန်ထားကြခြင်းဖြစ်သည်။